close

အရပ်သားသေဆုံးသူ

close

December 11, 2022

တနင်္သာရီတိုင်းတွင် အရပ်သားသေဆုံးသူ ၃၀၀ ကျော်နှင့် ဒဏ်ရာရသူ ၁၀၀ကျော်ရှိလာ

တနင်္သာရီတိုင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခုနိုဝင်ဘာလအထိ အရပ်သား သေဆုံးသူ ၃၁၇ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁၅ ယောက် ထိရှိလာတယ်လို့ တနင်္သာရီအခြေစိုက် လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor  ရဲ့ စာရင်းအရ သိရပါတယ်။

လောင်းလုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ တဦးက “အရပ်သားသေဆုံးမှု များလာ တယ်ဆိုတဲ့ အချက်က ဒီတော်လှန်ရေးမှာရော လူ့အခွင့်အရေး ရှုထောင့်ကရော အတော်စိုးရိမ်စရာ ကောင်းတယ်ဆိုတာပါပဲ။ ဘယ်ဘက်က ကျူးလွန်ကျူးလွန် လုံးဝ လက်သင့်မခံလို့ ရတာက အရပ်သားတွေကို ပစ်မှန်ထားတိုက်ခိုက်တာ သတ်ဖြတ်တာပါပဲ။ ဒါကို တော်လှန်ရေးဦးဆောင်သူတွေရော ပြည်သူတစ်ရပ်လုံးကပါ လက်မခံကြောင်း အမြဲထုတ်ဖော် နေရမယ့် အချက်ဖြစ်သလို ဒီလိုအခြေအနေတွေ ဖြစ်လာရတဲ့အကြောင်းအရင်းနဲ့ ဖြေရှင်းနိုင်မယ့် အခြေအနေတွေကို မြန်မြန်လုပ်ဆောင်ရလိမ့်မယ်”လို့ ပြောပါတယ်။

ထားဝယ်၊ လောင်းလုံး၊ ရေဖြူနဲ့ သရက်ချောင်းမြို့နယ်တွေက တခြားမြို့နယ်တွေထက် အရပ်သား သေဆုံးမှု သိသိသာသာများပြားလာပြီး  ၇၈ ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်ကာ ၁၅ ရာခိုင်နှုန်းက အမျိုးသမီးတွေနဲ့ ကျန် ၇ ရာခိုင်နှုန်းကိုတော့ ကျား/မ ခွဲခြားဖော်ပြနိုင်ခြင်း မရှိဘူးလို့ Southern Monitor ကဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနှင့်ပြန်ကြား‌ရေး တာဝန်ခံက “အရပ်သားသေဆုံးမှုအပေါ်ပြောရရင် စစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးပေါ့။ စစ်ကောင်စီရဲ့ ပစ်ခတ် ဖမ်ဆီးနှိပ်စက်မှုတွေကြောင့် ထိခိုက်သေဆုံးတာက ပိုများတာပေါ့။ ကျနော်တို့က ပြည်သူတွေ အပေါ်မှာ ဆက်ဆံရမယ့် ကျင့်ဝတ်တွေအတိုင်း လိုက်နာဆောင်ရွက်တယ်။ မင်ရှင်တစ်ခု လုပ်မယ်ဆိုရင်တောင် အဲဒီအနီးအနားမှာ ပြည်သူရှိရင် မင်ရှင်ကို ဖျက်သိမ်းလိုက်ရတဲ့ အခြေအနေတွေလည်း ရှိခဲ့ဖူးတယ်။ စကစဘက်ကတော့ ပြည်သူတွေ ဘာတွေနာမလည်ဘူး။”လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းတွင်း အရပ်သားတွေ ထိခိုက်မှုနည်းအောင်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်လာနိုင်လို့ ပြည်ထောင်စုလမ်းမကြီးတလျှောက်က ကျေးရွာတွေအနေနဲ့ စစ်ကြောင်းဝင်လာရင် ရွာထဲမှာမနေဘဲ ဘေးလွတ်ရာ နေထိုင်ကြဖို့ သတိပေးထုတ်ပြန်ထားတာတွေလည်းရှိပါတယ်။

လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းအားလုံး အရပ်သား ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စစ်ရေးကျင့်ဝတ်အရ အတတ်နိုင်ဆုံး လိုက်နာသင့်တယ်လို့ Southern Monitor က ထုတ်ပြန်ထားပါတယ်။

5 mins Ago
Up