အာဖဂန်နစ္စတန်နိုင်ငံမှာ အခုရက်ပိုင်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။
မြို့တော်ကဘူးလ်မှာ ဧပြီ ၃၀ ရက်နေ့က ခရီးသည်တင်ကားတစီးမှာ ကားဗုံးကွဲပြီး တဦး သေဆုံးခဲ့ပါတယ်။ ဧပြီ ၃၀ ရက်နေ့ တိုက်ခိုက်မှုကို အစ္စလာမ္မစ် စတိတ် IS အဖွဲ့က သူတို့ လက်ချက်လို့ ကြေညာပါတယ်။
ဒီမတိုင်ခင် ဧပြီ ၂၉ ရက်ကလည်း ကဘူးလ်မြို့က ခါလီဖာ ဆာဟစ်ဗလီမှာ အသေခံ ဗုံးခွဲမှု ဖြစ်ခဲ့ပြီး လူ ၅၀ ထက် မနည်းသေဆုံးသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့ကမှ တာဝန်ယူ ကြေညာတာ မရှိသေးပါဘူး။
အာဖဂန်နစ္စတန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်အဖွဲ့ရဲ့ ပြောခွင့်ရသူ ဇာဘီဟူလာ မူဂျာဟစ်က ဖောက်ခွဲတဲ့ လက်သည်တွေကို ဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
နိုင်ငံမြောက်ပိုင်းက မာဆာ အိုင် ဆာရစ်မြို့ငယ်လေးမှာလည်း ဧပြီ ၂၈ ရက်က ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး လူ ၁၁ ယောက် သေဆုံး၊ ၁၇ ယောက် ဒဏ်ရာရတယ်လို့ Tolo News TV သတင်းက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို IS အဖွဲ့က သူတို့ လက်ချက်လို့ ကြေညာပါတယ်။