close

အရပ်သား

close

April 15, 2023

ဘုတ်ပြင်းတွင် ဖမ်းဆီးခံရသည့် အရပ်သား ၈ ဦးအနက် ၃ ဦးကို ပြန်လွတ်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကံမော်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အရပ်သား ၈ ဦးထဲက ၃ ဦးကို ဧပြီ ၁၃ ရက်နေ့မှာ ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဒေသခံ ၃ ဦး ပြန်လွတ်လာတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ကံမော်ကြီးရွာမှာ ဖမ်းမိတဲ့ ၈ ယောက်ထဲမှ ၃ ယောက် ပြန်လွတ်လာတယ်။ စစ်တပ်ဘက်က နောက်ထပ်စစ်ဆေးမှုတွေ လုပ်နေသေးတယ်။ လွတ်လာတဲ့သူတွေရဲ့ နာမည်တွေတော့ မသိရသေးဘူး။ လွတ်လာတဲ့သူတွေထဲမှာ အသက် ၆၅ နှစ်အရွယ်တဦးနဲ့ အသက် ၃၀ အရွယ် ၂ ဦး ပြန်လွတ်လာတယ်။ ရိုက်နှက်မှုတော့မရှိဘူး။ စစ်ဆေးပြီး ပြန်လွှတ်ပေးတယ်။”

ကျန်ခဲ့တဲ့အရပ်သားတွေကတော့ စစ်ကောင်စီရေတပ်ရဲ့ ကျောက်ထနောင် ရေတပ်စခန်းမှာ စစ်ဆေးခံနေရတယ်လို့လည်း ဒေသခံတွေက ပြောတယ်။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက်ကလည်း ဘုတ်ပြင်းမြို့နယ်၊ ကမာချောင်းကျေးရွာမှာ စစ်ကောင်စီက စစ်သုံးဆီရောင်း/ဝယ်ရေးဆီဆိုင်ပိုင်ရှင် ဦးအောင်ဇော်ဦး (ခ) ဇော်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးကာ ဘုတ်ပြင်းမြို့နယ်၊ မြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ အမှုဖွင်ထားတယ်လို့ သိရပါသေးတယ်။

2 weeks Ago

April 7, 2023

ယူကရိန်းပစ်ခတ်မှုကြောင့် ရုရှားထိန်းချုပ်နယ်မြေမှ အရပ်သား ၇ ဦးသေဆုံး

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ရုရှားထိန်းချုပ်ထားရာ နယ်မြေက အာဏာပိုင်တွေဟာ ယူကရိန်းရဲ့ အမြောက်နဲ့ပစ်ခတ်မှု ၂ ကြိမ်အတွင်း အရပ်သားစုစုပေါင်း ၇ ဦး သေဆုံးခဲ့တယ်လို့ အတည်ပြုပြောဆိုကြောင်း ရုရှားသတင်းအေဂျင်စီတွေမှာ ဖော်ပြပါတယ်။

ဒွန်ညက်ခ်မြို့က ကားပါကင်တခုကို အမြောက်ထိမှန်ရာက အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တက်စ်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

နောက်ပိုင်းမှာ အာအိုင်အေ သတင်းဌာနကလည်း ဒွန်ညက်ခ်မြို့ရဲ့ အရှေ့မြောက်ဘက် ၇၅ မိုင် အကွာမှာရှိတဲ့ လီဆိုက်ချန့်ခ်မြို့က ဘတ်စ်ကားမှတ်တိုင်တခုမှာ ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရိုက်တာသတင်းဌာနအနေနဲ့ကတော့ ဒီသတင်းဖော်ပြချက်တွေအပေါ်မှာ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေမဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဒွန်ညက်ခ်မြို့မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းအရ အဆောက်အအုံတွေနဲ့ ယာဉ်တွေ ပျက်စီးနေတာကိုတော့ တွေ့ရပါတယ်။

ယူကရိန်းကာကွယ်ရေးအရာရှိတွေကို ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာ ချက်ချင်းတုံ့ပြန်မှုမရှိသေးပါဘူး။

ရုရှားသြဇာခံတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံပိုင် ဒွန်ညက်ခ်ပြည်နယ်ရဲ့ မြို့တော် ဒွန်ညက်ခ်ကို ၂၀၁၄ ခုနှစ်ကတည်းက ထိန်းချုပ်ထားတာဖြစ်ပြီး ယူကရိန်းနဲ့ ရုရှားအကြား ရှေ့တန်း စစ်မျက်နှာပြင်နဲ့လည်း နီးကပ်နေတာကြောင့် အဲ့ဒီဒေသမှာ ယူကရိန်းတပ်ဖွဲ့တွေရဲ့  ပုံမှန်ပစ်ခတ်မှုရှိနေတာ ဖြစ်ပါတယ်။

3 weeks Ago
Up