close

အရပ်အရှည်ဆုံး အမေရိကန်အမျိုးသား

close

August 24, 2021

ဂရင်းနစ်စံချိန်တင် အရပ်အရှည်ဆုံး အမေရိကန်အမျိုးသား သေဆုံး

အမေရိကန်နိုင်ငံရဲ့ အရပ်အရှည်ဆုံး အမျိုးသားဖြစ်တဲ့ အီဂေါ ဗော့ဗ်ကော်ဗင်စကီးဟာ နှလုံးရောဂါနဲ့ အသက် ၃၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့ သူ့ရဲ့မိခင်က ပြောပါတယ်။

ယူကရိန်းနိုင်ငံဖွား ဗော့ဗ်ကော်ဗင်စကီးဟာ အရပ်အမြင့် ၇ ပေ ၈ လက်မရှိပြီး သူ့အသက် ၂၇ နှစ်အရွယ်မှာအမေရိကရဲ့ အရပ်အရှည်ဆုံးအမျိုးသားအဖြစ် ဂီးနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ သောကြာနေ့က မင်နီဆိုတားပြည်နယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့မှာ ကြီးထွားဟော်မုန်း အလွန်အကျွံထုတ်လွှတ်တဲ့ ရောဂါတမျိုးရှိနေတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

သူ့ကို လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်က ယူကရိန်းနိုင်ငံကနေ အမေရိကန်နိုင်ငံကို ခေါ်လာခဲ့တာဖြစ်ပြီး ဆေးကုသမှုခံယူခဲ့ရတာဖြစ်ကာ ခွဲစိတ်မှု ၂ ကြိမ် ခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

ဂရင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းရဲ့ အဆိုအရ ကမ္ဘာ့အရပ်အရှည်ဆုံးအမျိုးသားအဖြစ် တူရကီနိုင်ငံသား ဆူလ်တန် ကိုဆန်က အရပ်အမြင့် ၈ ပေ ၂ လက်မနဲ့ စံချိန်တင်ထားတယ်လို့ ဆိုပါတယ်။

အမေရိကန်သမိုင်းမှာတော့ အရပ်အရှည်ဆုံးအမျိုးသားအဖြစ် ၈ ပေ၊ ၉ လက်မရှိတဲ့ ရောဘတ်ဝက်ဒ်လိုက မှတ်တမ်းဝင်ခဲ့ဖူးပြီး သူဟာလည်း  ကြီးထွားဟော်မုန်းရောဂါနဲ့ ၁၉၄၀ ပြည့်နှစ်၊ အသက် ၂၂ နှစ် အရွယ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

5 mins Ago
Up