close

အရာတော်နှင့်ကလေး

close

May 2, 2022

အရာတော်နှင့်ကလေးတွင် စစ်တပ်ထိုးစစ်ကြောင့် ဒေသခံသောင်းချီ ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီလိုအပ်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ကျေးရွာ တစ်ခုက ဒေသခံ ၂၀၀၀ ကျော် နေရပ်စွန်ခွာနေကြရသလို စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ကလေးမြို့နယ် တင်သားအုပ်စုက စစ်ရှောင်တွေဟာလည်း အရေးပေါ်အကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

မေ ၂ ရက် မနက် ၆ နာရီက အရာတော်မြို့နယ် ကန်ရင်းကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်လာ‌တာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့  ကာယကံရှင်တွေက ပြောပါတယ်။

အဲဒီ စစ်ကြောင်းဟာ မြင်းမူမြို့နယ် ဝက်ကျကနေ အင်အား ၅၀ လောက်နဲ့ ကန်းရင်းရွာဘက်ကို စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်ဖြစ်တယ်လို့လည်း ဒေသခံပြောပြချက်အရ သိရပါတယ်။

ဒေသခံ ရွာသား တဦးက “မနက်အစောပိုင်း သေနတ်တွေ လက်နက်ကြီးတွေ နဲ့ ပစ်ပြီး ဝင်လာတာ။ ရွာကလူတွေလည်း အကုန်ထွက်ပြေးကြရတယ်။ ရွာကင်းထောက်ပြေတာက ဒေသခံ ၄ ၅ ဦး ကို လူသားဒိုင်း လုပ်လာတာ မြင်ရတယ်”လို့ ပြောပါတယ်။

လူသားဒိုင်းအဖြစ်အသုံပြု ဖမ်းဆီးခံရသူတွေဟာ စစ်ကောင်စီသွားရာ လမ်းကြောင်းက တောင်ယာ တဲမှာ ယာခင်းလုပ်နေတဲ့ ဝောာင်သူအများစု ဖြစ်တယ်လို့လည်း ရွာသား တဦးက ပြောပါတယ်။

ကန်းရင်းရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။

ဧပြီလ တတိယအပတ်ကတည်းက စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုး ဝင်လာတာကြောင့် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကလေးမြို့နယ် တင်သားကျေးရွာအုပ်စုက ဒေသခံ ၁ သောင်းကျော်ဟာ စားနပ်ရိက္ခာ၊ နေထိုင်ရေး၊ အဝတ်အထည်တွေနဲ့ သောက်သုံးရေ ရှာပါးတဲ့ ပြဿနာ စတဲ့ အခက်အခဲတွေ ကြုံနေကြရပြီး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တင်သားကျေးရွာအုပ်စုမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတာက ကြာပြီ။ သယ်ဆောင်လာတဲ့ ဆန်တွေ ဆီတွေလည်း ပြတ်ကြပြီ။ အဓိကကတော့ ရေရှားပါတာပါပဲ။ ‌အရင်ကဆိုရင် ရွာအနီးက တောတွေထဲ ပြေးလို့ရတယ်။ အခုက‌ စစ်ကြောင်းက ၃ ကြောင်းထိုးလာတာဆိုတော့ ရွာနဲ့နီးရာမှာမနေရဲလို့ တောင်ပေါ်ဒေသတွေမှာ နေကြရတယ်။ တောင်ပေါ်ဆိုတော့ ရေရှားတယ်။ ‌စိမ့်ကျဉ်း စမ်းကျဉ်းတွေရှိပေမဲ့ လူကများတော့ မလုံလောက်ဘူး။”  

ကျေးရွာပေါင်း ၁၈ ရွာရှိတဲ့ တင်သားကျေးရွာအုပ်စုမှာ လက်ရှိ ကျေးရွာ ၁၆ ရွာက ဒေသခံတွေ တိမ်းရှောင်နေကြရပြီး ကြံသာရွာနဲ့‌ ကျောက်ပြုတ်ရွာကတော့ ပျူစောထီး‌ ကျေးရွာတွေ ဖြစ်တာကြောင့် တိမ်းရှောင်ရာမှာ မပါဝင်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ‌ကြံသာကျေးရွာမှာ တပ်စွဲနေထိုင်စဉ်ကာလတည်းက  တင်သား၊ အောင်မင်္ဂလာနဲ့ မှန်တောရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။

ဧပြီ ၂၇ ရက်က နေပြည်တော်မှာလုပ်တဲ့ စစ်‌ကောင်စီ  သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကိုင်းတိုင်းကို အထိရောက်ဆုံးကိုင်တွယ်သွားမယ်လို့ ပြောကြားခဲ့ သလို စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးဘက်ကလည်း စစ်ကောင်စီရဲ့ မတရား နှိပ်စက်သမျှကို ရရာ လက်နက်နဲ့ ခုခံကာကွယ်သွားမယ်လို့ ပြောပါတယ်။

1 min Ago
Up