စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်လှည့်စာရင်းစစ်ရုံးမှာ တပ်စွဲအထိုင်ချနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းမှာ ကလေးမြို့ မြို့ပြပြောက်ကျားအဖွဲ့ Special Underground အဖွဲ့က ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိနိုင်ပေမဲ့ အတည်ပြုလို့မရခဲ့ကြောင်း၊ မိမိတို့ဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ ကလေး UG အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“သူတို့တပ်စွဲနေတဲ့ စာရင်းစစ်ရုံးကို လက်နက်ကြီး ၆၀ မမနဲ့ တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က ကျနော်တို့ဘက်ကို လက်နက်ငယ်တွေနဲ့ ရမ်းပစ်ခဲ့ပေမဲ့ ကျနော်တို့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။”
ဖေဖော်ဝါရီ ၈ ရက် ညကလည်း ခရိုင်ဆည်မြောင်းရုံးအတွင်းမှာ ညကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၅ ယောက်ခန့်ကို ကလေး UG အဖွဲ့က လက်နက်ကြီး ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
လတ်တလော အဆိုပါ တောင်ဇလပ်ရပ်ကွက် အစိုးရရုံး အခြေစိုက်ရာ ရုံးအနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီဘက်က ခြေရှုပ်နေတာမို့ အနီးပတ်ဝန်းကျင်က ဒေသခံတွေ အထူးဂရုစိုက် သွားလာနေထိုင်ကြဖို့ ကလေးမြို့ပြ UG ဘက်က သတိပေးထားပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းကို မဟာမိတ် PDF ပူးပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။
မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) အဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက “နောင်ကြီးအိုင်ရဲစခန်းကို ၂၅ ရက်နေ့ ညနေ ၅ နာရီလောက်မှာ လက်နက်တွေနဲ့ပစ်ပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။ ရဲစခန်းထဲမှာရှိတဲ့ ကားတွေ ထိမှန်ပျက်စီးပြီး စခန်းဝင်းထဲက အိမ် ၁ လုံး မီးလောင်သွားတယ်။ လူတွေ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ ကျနော်တို့ လုံခြုံရေးအရ မစုံစမ်းနိုင်ခဲ့ပါဘူး။ စခန်းထဲကနေ စခတွေ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကြားသိရတဲ့အတွက် များစွာ စိတ်မကောင်း ဖြစ်ရပါတယ်” လို့ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၃၊ တပ်ခွဲ-၃ ဂဠုန်နက် PDF၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၂၊ တပ်ခွဲ-၄ Fight For People-F.F.P PDF၊ ကျားသစ်နက် (LPDF)၊ ယက္ခညီနောင် (LPDF)၊ မုံရွာခရိုင် တပ်ရင်း-၁၈ နဲ့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Chindwin Attack Force က ထုတ်ပြန် ပြောဆိုထားပါတယ်။
အခုပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ထိခိုက်ကျဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၉ နာရီလောက်က နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာဟာ ဖေဖော်ဝါရီ ၂၁ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်အထိ ၃ ရက်ကြာ တိုက်ပွဲဖြစ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “နွားမသင်းရွာကို သူတို့စဝင်ပြီး အိမ်တွေကို မီးစရှို့တယ်။ အဲလို ရွာကို မီးရှို့လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မခံချင်ပြီး တိုက်ပွဲစဖြစ်တယ်။ နောက်နေ့ကျတော့ နွားမသင်းကနေ မင်းရွာဘက် ထပ်ပြီး စစ်ကြောင်းထိုးတယ်။ အဲ့ မင်းရွာမှာလည်း မနေ့က တိုက်ပွဲဖြစ်တယ်။ ဒီနေ့လည်း မင်းရွာမှာ တိုက်ပွဲထပ်ဖြစ်နေတယ်” လို့ ပြောပါတယ်။
အခုလို အရာတော်တောင်ခြမ်းမှာ ၃ရက်တာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေတာကြောင့် နွားမသင်းရွာ၊ မင်းရွာ၊ ငါးကင်းအုပ်စု စတဲ့ကျေးရွာက ဒေသခံတွေ စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အရာတော် Dranger Force LPDF အဖွဲ့ခေါင်းဆောင် ဗိုလ်ရန်ရှင်းက “ဟုတ်ကဲ့၊ တိုက်ပွဲက သုံးရက်အထိ ရှိနေပြီဆိုတာ ဟုတ်ပါတယ်ဗျ။ ပထမ နွားမသင်းတိုက်ပွဲမှာ စစ်(--) ၉ ကောင်ကျတယ်။ ကျနော်တို့ဘက်က ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာ ရရှိတယ်။ ဒုတိယနေ့ မင်းရွာတိုက်ပွဲမှာတော့ စစ်(--)တွေဘက်က ၁၀ ဦးကျတယ်။ ကျနော်တို့ဘက်ကလည်း ၂ ဦးကျတယ်။ စစ်ကောင်စီအကျအဆုံးကတော့ သူတို့ထဲမှာပါလာတဲ့ ကျနော်တို့ ဖရဲသီးကပြောလို့ သိရတာဗျ။ သေတဲ့စခအလောင်းတွေကို ရွာထဲကအိမ်တွေနဲ့ မီးရှို့ပစ်ခဲ့တယ်လို့လည်း ကျနော်တို့ သိထားရတယ်” လို့ ပြောပါတယ်။
အခု စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ အရာတော်မြို့နယ်ကို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က စစ်အုပ်ချုပ်ရေး ထပ်မံဖြည့်စွက် ကြေညာထားခံရတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။