close

အရာတော်မြို့

close

January 15, 2023

အရာတော်မြို့ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဗုံးသီးချ တိုက်ခိုက်ခံရ ၊ ၂ ဦးသေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ အနောက်ဘက်အထွက်လမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ဆေးရေး ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ Danger Force LPDF မှ ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန် ပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ကို ဇန်နဝါရီ ၁၃ ရက် မနက်  ၁၀ နာရီက ဗုံးသီးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သလို ၃ ဦး ဒဏ်ရာအပြင်းထန်ရသွားခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"အဲဒီဂိတ်က ကားရော၊ ဆိုင်ကယ်ရော အကြောင်းမရှိ အကြောင်းရှာ ရစ်ပြီး အဓမ္မ တောင်းခံနေတာ။ သူတို့ မသင်္ကာရင် စစ်ပြီး ဘာမှမတွေ့ရင် ငွေတောင်းပြီးမှ ပြန်လွှတ်တာ။ ဒါ့ကြောင့် တိုက်ခိုက်ခဲ့တာလည်း ဖြစ်တယ်။ ရန်သူ ၂ ယောက်သေတယ်။ ၃ ယောက်ကတော့ အပြင်းထန်ဒဏ်ရာရတယ်လို့ သိထားပါတယ်" 

အဲဒီ တိုက်ခိုက်မှုအပြီးမှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေနဲ့ ပြည်သူတွေကို ဖမ်းဆီးထားပြီး နေ့လည် ၁၂ နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လမ်းဖြတ်သန်းသွားလာနေတဲ့ လူငယ် ၂ ယောက်ကို ဖမ်းဆီးထားကြောင်း သိရပြီး အဲဒီလူငယ် ၂ ဦးနဲ့ပတ်သတ်လို့တော့ ယခုချိန်ထိ ဆက်လက်ဖမ်းဆီးထားခြင်း ရှိ၊ မရှိ ဆိုတာကို တော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဇန်နဝါရီ ၁၂ ရက်ကလည်း အရာတော်မြို့နယ် ကျွန်းဖိုကျေးရွာလမ်းမှာ ဂိတ်ကြေး ကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့က ဒရုန်းနဲ့ ၄ ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။

9 mins Ago

August 2, 2022

အရာတော်မြို့တွင် စစ်ကောင်စီတပ်က အစစ်အဆေး တင်းကျပ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ ဒီနေ့ ဩဂုတ် ၂ ရက်၊ မနက်ခင်းပိုင်းက စတင်ပြီး စစ်ကောင်စီတပ်က အစစ်ဆေးတွေ တင်းတင်းကျပ်ကျပ် ပြုလုပ်နေတယ်လို့ အရာတော်မြို့ ဒေသခံတွေက ပြောပါတယ်။

အခုလိုစစ်ဆေးရင်း အမျိုးသမီးတွေကို ရုန့်ရင်းကြမ်းတမ်းစကားတွေနဲ့ ဆဲဆိုတာ‌တွေ ပြုလုပ်တယ်လို့လည်း ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက “ကျမက အရာတော်တောင်ပိုင်းက ကျေးရွာတရွာကပါရှင့်။ ဒီနေ့မနက်ခင်း အရာတော်မြို့ပေါ်ကို ဈေးသွားဝယ်တာ သူတို့စစ်ဆေးတာ ခံခဲ့ရတယ်။ သူတို့ ဘာတွေ စစ်ဆေးတာလဲဆိုတော့ ဘယ်ကလာတာလဲ၊ ဘာဝယ်မှာလဲ ပထမက အဲလိုမေးတယ်။ နောက်ပြီး ပါတဲ့ ခြင်းတွေ၊ အိတ်တွေ အကုန်စစ်တယ်။ နောက်ပြီး ဆဲဆိုတာတွေလုပ်တယ်။ မြန်မြန်လုပ်၊ နင်တို့နယ်က နင်တို့လင်တွေ လက်နက်ကိုင်ပြီး ငါတို့ကို တော်လှန်နေလို့ ငါတို့ အခုလို အလုပ်ရှုပ်နေရတယ်။ အဲဒီလိုတွေ ဆဲတာတွေ လုပ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ စစ်ဆေးတာတွေကို အရာတော်မြို့အနောက်ထွက်က ကမ္ဘောဇ စာသင်ကျောင်းရှေ့မှာ တဖွဲ့နဲ့ အရာတော်မြို့ တောင်အထွက်မှာ တဖွဲ့ စုစုပေါင်းနှစ်ဖွဲ့နဲ့ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်က ပြုလုပ်နေတာကြောင့် အရာတော်မြို့နယ်အတွင်းက ကျေးရွာသားတွေဟာ အရာတော်မြို့ပေါ် ဈေးသွားဝယ်ရတာကို ကြောက်ရွံ့လာကြပြီး ဆေးဝါးတွေနဲ့ မီးဖိုချောင်သုံး ဆား၊ ဟင်းချိုမှုန့်၊ ငါးပိ၊ ငါးခြောက် စတာတွေပါ ပြတ်လပ်နေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

6 months Ago
Up