ဟွာဝေးနည်းပညာ လုပ်ငန်းစုကြီးရဲ့ ဘဏ္ဍာရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ် မုန့်ဝမ်ကျိုး စက်တင်ဘာ ၂၅ ရက်က တရုတ်နိုင်ငံကို ပြန်ရောက်လာချိန်မှာ အမျိုးသားရေးသီချင်းတွေ သီဆိုရင်း အနီရောင် နဖူးစည်းစာတမ်းတွေ ကိုင်ဆောင်ရင်း သူ့ကို ကြိုဆိုနေကြတဲ့ လူအုပ်ကြီးကို ရှန်းကျန်း မြို့လေဆိပ်မှာ တွေ့ရတာပါ။
သူဟာ ကနေဒါနိုင်ငံမှာ ရက် ၁၀၀၀ ကျော် နေအိမ်အကျယ်ချုပ်ကျခံနေရာက တရုတ် နိုင်ငံကို ပြန်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
သူကို လိမ်လည်မှုနဲ့ တရားစွဲထားတဲ့အမှုကို ရုပ်သိမ်းပေးဖို့ အမေရိကန် အစိုးရရှေ့နေတွေနဲ့ အပေးအယူလုပ်အပြီး ရက်ပိုင်းအတွင်းမှာပဲ တရုတ်အာဏာပိုင်တွေက ထိန်းသိမ်းထားတဲ့ ကနေဒါ နိုင်ငံသား ၂ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီ ကနေဒါနိုင်ငံသား ၂ ယောက် ကယ်ဂါရီ လေဆိပ်ကို ပြန်ရောက်လာချိန်မှာ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင်ထရူဒူက ကြိုဆိုခဲ့တယ်လို့ ဒေသခံ မီဒီယာက ဖော်ပြပါတယ်။
ဟွာဝေးနည်းပညာ ကော်ပိုရေးရှင်းကို တည်ထောင်သူ ရန်ကျန်းဖှေးရဲ့ သမီး မုန့်ဝမ်ကျိုးဟာ သူ့အမှုကို အဆုံးသတ်ဖို့ သောကြာနေ့က သဘောတူညီချက် ရအပြီးမှာ အိမ်ပြန်ဖို့ ခွင့်ပြုချက် ရခဲ့ပါတယ်။
အဲဒီနေ့မှာပဲ သူ့ကို တရား စီရင်ဖို့ အမေရိကန်ဆီ လွှဲပေးမယ့် ကြားနာမှုကို ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ တရားရုံးက ရုပ်သိမ်းပေးခဲ့ပါတယ်။
နှစ်ချီကြာခဲ့တဲ့ သူ့အမှုဟာ အမေရိကန်နဲ့ တရုတ်အစိုးရကြား သဘောထား ကွဲလွဲမှုရဲ့ အချက်အခြာ အရင်းအမြစ်ပါ။
သံတမန်ရေး မတိုးသာ မဆုတ်သာ အခြေအနေကို အဆုံးသတ်ဖို့ အမှုကို ရုပ်သိမ်းပေးဖို့ လိုတယ်လို့ တရုတ်အရာရှိတွေက အချက်ပြခဲ့ပါတယ်။