စစ်ကိုင်းတိုင်း၊ မင်ကင်းမြိုနယ်၊ ဘင်ကျေးရွာအနီးမှာ စစ်ကောင်စီ သုံးပွင့်ဗိုလ်အလောင်း တစ်လောင်းကို ဖေဖော်ဝါရီ ၅ ရက် ညနေ ၅ နာရီလောက်က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အခုတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျဆုံးခဲ့တာလို့ မင်းကင်းပြည်သူကာကွယ်ရေးအဖွဲ့ ဗိုလ်သူရိန်က ပြောပါတယ်။
“ကျနော်တို့ စစ်ကောင်စီက ထောင်ထားခဲ့တဲ့ မိုင်းကြောင့် သေဆုံးမှာစိုးလို့ နယ်မြေရှင်းလင်းရေး စလုပ်တယ်။ အဲဒီလိုလုပ်ရာကနေ ဘင်ကျေးရွာနဲ့ ချင်းတွင်းမြစ်ဘေးက တံငါသည်တဲတန်းကြားမှာ မြေမြှုပ်ထားတာကို မသင်္ကာလို့ ဖော်ကြည့်ရာကနေ သုံပွင့်အဆင့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းဖြစ်နေတာ တွေခဲ့ရတယ်” လို့ ပြောပါတယ်။
အလောင်းတွေခဲ့ရတဲ့ ဘင်ကျေးရွာကို စစ်ကောင်စီတပ်တွေက ဇန်နဝါရီ ၃၁ ရက်က မီးရှို့ခဲ့ကြသလို ရွာသားတချို့ကိုလည်း ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်အထိ ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီသွားသူတွေနဲ့ အဆက်အသွယ်မရတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။