အိန္ဒိယ ကုန်းမြင့်ပိုင်းနယ်စပ် ရဲဝန်ထမ်းတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးဟာ သြဂုတ် ၁၆ ရက် ကက်ရှ်မီးယားပြည်နယ်မှာ တောင်ထူထပ်တဲ့လမ်းကနေ ချော်ကျသွားပြီး ချောက်ထဲကို ကျသွားရာမှာ အနည်းဆုံး ရဲအရာရှိ ၆ ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဘတ်စ်ကားရဲ့ အပျက်အစီး အပိုင်းအစတွေဟာ ရေစီးသန်တဲ့ မြစ်ကမ်းဘေးမှာ ပြန့်ကျဲနေပြီး ဒဏ်ရာရသူတွေကို ဒေသခံတွေနဲ့ အာဏာပိုင်တွေက အရေးပေါ် လူနာတင်ယာဉ်တွေဆီ ကူညီကယ်ထုတ်ခဲ့ကြပါတယ်။
ဘတ်စ်ကား ချောက်ထဲ ချော်ကျမှုမှာ လူ ၃၅ ယောက် အသက်ရှင် လွတ်မြောက်ခဲ့ပေမယ့် တချို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း အင်ဒို-တိဘက်နယ်စပ် ရဲအရာရှိ ဗီဗက်ခ်ကုမာပန်ဒေး က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အဲဒီဘတ်စ်ကားဟာ ကုန်းမြင့်ပိုင်းစစ်ဆင်ရေး၊ အထူးသဖြင့် အိန္ဒိယ-တရုတ်နယ်စပ်ပေါ်ကို အထူးပြုတဲ့ ဖက်ဒရယ်တပ်ဖွဲ့ဖြစ်တဲ့ အင်ဒို-တိဘက်နယ်စပ်ရဲတပ်ဖွဲ့မှ အဖွဲ့ဝင်တွေကို တင်ဆောင်လာတဲ့ကား ဖြစ်ပါတယ်။