ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်မှာ အရုဏ်ဦးသပိတ်ဖြိုခွင်းဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေ အောက်တိုဘာ ၃၀ ရက်မနက်အစောပိုင်းက ၂ ကြိမ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်ရုံးရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ မင်္ဂလာဒုံလူငယ်တွေက ဒီမနက် ၅ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တဲ့ စာရွက်တွေကပ်ပြီး အရုဏ်ဦး သပိတ်ပြုလုပ်ခဲ့ကြတာပါ။
အဲဒီလို ပြုလုပ်နေစဉ် သပိတ်ကို ဖြိုခွင်းဖို့ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေ ပထမအကြိမ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာချိန်မှာပဲ နောက်ထပ် ဒုတိယအကြိမ်ထပ်မံ ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ အခင်းဖြစ်ပွားရာ အနီးနေထိုင်တဲ့ ဒေသခံ တဦးကပြောပါတယ်။
“ပထမအကြိမ်ဗုံးပေါက်တော့ သူတို့က လာစစ်ဆေးနေပြီ။ အဲဒီအချိန် နောက်တစ်လုံးလည်း ထပေါက်ရော သူတို့ ပြာသွားကြတယ်။ သူတို့ထဲက တယောက်ဆို ကြောက်ပြီးတော့ ဟေ့ကောင်တွေ ခုချက်ချင်းကားကို နောက်ပြန်ဆုတ်၊ ဆုတ်တော့၊ ဗုံးသံမကြားဘူးလား။ လမ်းကို ခုချက်ချင်းပိတ်၊ သေကုန်တော့မှာပဲလို့ပြောတာ ကြားရတယ်။”
အခုလို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးဘူး။
လက်ရှိအချိန်မှာတော့ ဗုံးပေါက်ကွဲခဲ့တဲ့ စမ်းကြီးဝရပ်ကွက်ကို ၂(က) အုပ်ချုပ်ရေးမှူးက လာရောက်ကြည့်ရှုသွားတယ်လို့ သိရပါတယ်။
စစ်တပ်တွေအများအပြား အခြေစိုက်တဲ့ မင်္ဂလာဒုံမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ တစ်ပတ်အတွင်း အသတ်ခံရပြီးနောက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ အစုလိုက်နုတ်ထွက် နေကြပါတယ်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ဇွန် ၁၃ ရက် မနက်က ၄ နာရီခွဲလောက်က ဒေသခံပြည်သူတွေဟာ မြို့တွင်းလှည့်လည်ပြီး နံနက်ခင်းအရုဏ်ဦးသပိတ်ကို ငြိမ်းချမ်းစွာ ဆင်နွှဲခဲ့ကြပါတယ်။
"အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရဲတွေက မြို့ပေါ်မှာလုံခြုံရေးတင်းကျပ်ပြီး လှည့်ကင်းပတ်ကင်းတွေနဲ့ လှည့်လည်နေကြပေမယ့် စစ်အာဏာရှင်အစိုးရပြုတ်ကျရေးအတွက် အချိန်၊ နေရာသတ်မှတ်မထားပဲ ကြုံသလိုဆန္ဒပြနေကြရပါတယ်"လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
မိုးကောင်းမြို့ နေ့စဉ်လိုလို မနက်ခင်း အရုဏ်ဦးသပိတ်၊ ဆိုင်ကယ်သပိတ်နဲ့ ညသပိတ်တွေ ပြုလုပ် ဆန္ဒပြနေကြတာဖြစ်ပြီး စစ်တပ်တွေလုံခြုံရေးတင်းကျပ်တဲ့နေ့တွေမှာဆိုရင် မြို့ပြင် လယ်ကွင်းတွေထဲထွက်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။