close

အရေးကြီးကုန်စည်

close

April 21, 2022

ဝါးသီးနှံနှင့် ဝါဂွမ်းကို အရေးကြီးကုန်စည်အဖြစ် စစ်ကောင်စီသတ်မှတ်

၀ါသီးနှံနဲ့  ၀ါဂွမ်းတွေကို  အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  ထုတ်ပြန်ပါတယ်။

ဧပြီလ ၈ ၇က် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားတာဖြစ်ပြီး ဒါဟာ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရသတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

ဒါ့ကြောင့် ၀ါသီးနှံနဲ့  ၀ါဂွမ်းတို့ကို ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း ဒါမှမဟုတ် ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်တာတွေကို တားမြစ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲဒီတားမြစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နဲ့၀န်ဆောင်မှု ဥပဒေအရ အရေးယူခြင်းခံရမယ်လို့ ဆိုထားပါတယ်။

မြန်မာပြည်တွင်းမှာ ၀ါသီးနှံတွေတိုးချဲ့စိုက်ပျိုးကြဖို့နဲ့ ပြည်တွင်းမှာ အဝတ်အထည်တွေထုတ်လုပ်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က မိန့်ခွန်တွေမှာ မကြာခဏ ထည့်သွင်းပြောကြားပြီးနောက် အခုလို လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ 

၂၀၁၂ ခုနှစ် အရေးကြီးကုန်စည်နဲ့ ဥပဒေမှာတော့ အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားခဲ့ရင် အနည်းဆုံး ထောင်ဒဏ် ခြောက်လကနေ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရမယ့်အပြင် ကျပ်ငါးသိန်းထက်မပိုတဲ့ ဒဏ်ငွေလည်း ချမှတ်ခြင်းခံရမယ်လို့  ဖော်ပြထားပါတယ်။

ဒါ့အပြင် တရားရုံးကပြစ်မှုနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးရန်ဖြစ်စေ၊ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်ဖြစ်စေ၊ တခြားစီမံခန့်ခွဲရန်ဖြစ်စေ အမိန့်ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ စားသုံးကုန်ပစ္စည်းတွေ၊ ကိုလည်း အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း ဒါမှမဟုတ် ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်ခြင်းတွေကို တားမြစ်ထားပါတယ်။

12 hours Ago

August 25, 2020

Maskများ ဈေးတင်ရောင်းသူကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူမည်

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေဖြစ်တဲ့ Mask နဲ့ Hand Gel တွေကို စျေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ နဲ့ အရေးယူသွားမယ်လို့ ချောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းက ပြောပါတယ်။ “ဌာနကတော့ ဈေးနှုန်းတော့ သတ်မှတ်မပေးဘူး။ ဒါပေမဲ့ စီးပွားကူးသန်းရဲ့ စီးပွားရေးမှုအရ ဝယ်ရင်းဈေးထက် ၂၀ ရာခိုင်နှုန်းပဲ အမြတ်တင်ရောင်းရမယ်လို့ ပါတယ်။ လက်ကျန်ပြတ်သွားလို့ ဈေးနှုန်းတတ်တယ်ဆိုရင် ဥပမာ ရန်ကုန်၊ မန္တလေးက မှာရတယ်။ မှာတဲ့ ပြေစာ အထောက်အထား ယူထားပါ။ တိုင်တဲ့သူကဈေးနှုန်းမြင့်လို့ တိုင်လာလို့ရှိရင် အဲဒီကျတော့ ကျနော်တို့က ဆင်းပြီးစစ်တဲ့အခါမှာ ပြေစာအထောက်အထား မပြနိုင်ရင် အရေးကြီးကုန်စည်အရ အရေးယူခံရမယ်လို့ သူတို့ကို ဝန်ခံ လက်မှတ်ရေးထိုးခိုင်းတယ်။” ချောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးဌာနတို့ ပူးပေါင်းအဖွဲ့က ဩဂုတ်လ ၂၄ ရက်၊ မနက်ပိုင်းက မြို့ပေါ်ရှိ ဆေးဆိုင်ကြီး ၈ ဆိုင်ကို Mask နဲ့ Hand Gel ဈေးနှုန်းမြှင့်တင် ရောင်းချတာ ရှိ၊ မရှိ ရောင်းချနေတဲ့ အခြေအနေကို လိုက်လံစစ်ဆေးခဲ့ပြီး ဈေးနှုန်းမြှင့်တင်မရောင်းချဖို့နဲ့ ရောင်းချပါက ဥပဒေအရ အရေးယူခံရမှာ ဖြစ်​တယ်လို့ ပြောဆိုပြီး ဝန်ခံလက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ စျေးမြှင့်တင်ရောင်းချရင် စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားနိုင်သလို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အမြင့်ဆုံးပြစ်ဒဏ် ထောင် ၆ လမှ ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ၅ သိန်းအထိ ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။ ကိုလင်း(ချောက်)၊ ဓာတ်ပုံ - ကိုမျိုးဝင်း
2 years Ago
Up