တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံက ခေါင်းဆောင်တွေက မချောမွေ့တဲ့ဆက်ဆံရေးကို ပြန်တည်ဆောက်ဖို့ အားထုတ်တဲ့ အစိတ်အပိုင်းအနေနဲ့ အရေးပေါ် ဖုန်းလိုင်းကို ပြန်တပ်ဆင်လိုက်ပြီလို့ တောင်ကိုရီးယားအစိုးရရဲ့ သမ္မတ အိမ်ပြာတော်က ဇူလိုင် ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျွန်အန်းတို့ဟာ ဧပြီလကစပြီး စာအစောင်ရေ အတော်များများ အပြန်အလှန် ဖလှယ်ခဲ့ကြပြီး အရေးပေါ် ဖုန်းလိုင်းတွေ ပြန်ဆက်သွယ်ဖို့ သဘောတူခဲ့ကြတယ်လို့ သမ္မတရဲ့ ပြန်ကြားရေး အတွင်းဝန် ပတ်ခ်ဆိုးဟွမ်က ပြောပါတယ်။
ကင်မ်နဲ့ မွန်းတို့ရဲ့ သဘောတူညီချက်နဲ့အညီ ကိုရီးယား နှစ်နိုင်ငံကြား ဆက်သွယ်ရေးလိုင်းတွေ အင်္ဂါနေ့မနက် ၁၀ နာရီကစပြီး ပြန်စတင်လည်ပတ်နေပြီလို့ မြောက်ကိုရီးယားအစိုးရ မီဒီယာ KCNA က ပြောပါတယ်။
အရေးပေါ်ဖုန်းလိုင်းတွေဟာ အပြန်အလှန် ယုံကြည်မှု ပြန်နာလန်ထတာနဲ့ ပြန်လည်ရင်ကြားစေ့ရေး တိုးမြှင့်ဖို့ ကြီးမားတဲ့ တိုးတက်မှု ခြေလှမ်းကျဲကြီးပဲလို့လည်း KCNA က ပြောပါတယ်။
၂၀၁၉ ဖေဖော်ဝါရီက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်နဲ့ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ကြား မအောင်မြင်တဲ့ ဒုတိယထိပ်သီးညီလာခံအပြီးမှာ နယ်စပ်ဖြတ်ကျော် ဆက်ဆံရေး မချိုမြိန်တော့ဘဲ မြောက်ကိုရီးယားက ၂၀၂၀ ဇွန်လမှာ အရေးပေါ် ဖုန်းလိုင်းတွေကို ဖြတ်တောက်ခဲ့ပါတယ်။
အဲဒီအချိန်မှာ တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်းက ကြားဝင်ဖျန်ဖြေဖို့ ကမ်းလှမ်းခဲ့ပါတယ်။