close

အရေးယူမှု

close

June 12, 2021

မြန်မာစစ်ခေါင်းဆောင်များအား ပြင်းထန်သည့်အရေးယူမှုလုပ်ဆောင်ရန် ပြင်သစ်သမ္မတကို တိုက်တွန်း

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပေါ် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ရဲ့ တုံ့ပြန်ချက်ဟာ အလေးနက်မရှိဘူးလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဝေဖန်လိုက်ပြီး မြန်မာစစ်တပ်ကို ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်ရေး ယူကေမှာ ကျင်းပနေတဲ့ဂျီ-ဆဲဗင်း ထိပ်သီးအစည်းအဝေးမှာလုပ်ဆောင်ဖို့  တောင်းဆိုလိုက်ပါတယ်။ 

HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အာရှဒေသ ဥပဒေရေးရာညွှန်ကြားရေးမှူး ဂျွန်ဆီဖှတွန်နဲ့ ပြင်သစ်နိုင်ငံရဲ့ ညွှန်ကြားရေးမှူး ဘန်နီဒစ်ယန်းနာရော့ဒ်တို့က Le Monde ပြင်သစ် သတင်းစာက ဝေဖန်သုံးသပ်ချက်ကဏ္ဍမှာ ရေးသားတောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒါဟာ သမ္မတမက်ခရွန်အတွက်တော့  မြန်မာစစ်ကောင်စီကျူးလွန်နေတဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ပိုအားကောင်းခိုင်မာတဲ့ တုံ့ပြန်အရေးယူမှုတွေလုပ်ဆောင်ဖို့ အဓိက အရေးပါတဲ့ နိုင်ငံအစိုးရတွေနဲ့အတူပိုပြီး နီးနီးကပ်ကပ် လုပ်ဆောင်ပြီး ထင်ထင်ရှားရှား လုပ်ခွင့်ပြနိုင်တဲ့ အခွင့်အရေးတရပ်လည်း ဖြစ်တယ်လို့လည်းအကြံပြုထားပါတယ်။ 

 ပြင်သစ်နိုင်ငံအခြေစိုက် တိုတယ်လ်ကုမ္ပဏီကတော့ မြန်မာနိုင်ငံမှာဆောင်ရွက်နေတဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ရပ်ပစ်လိုက်ရင် စစ်အစိုးရထက် မြန်မာပြည်သူတွေကို ပိုထိခိုက်လိမ့်မယ်လို့ပြောထားပြီး မြန်မာစစ်အစိုးရကို ကုမ္ပဏီရဲ့လုပ်ငန်းတွေအပေါ်ရတဲ့ အကျိုးအမြတ်ဝေစု ခွဲဝေပေးနေတာကိုလည်း ရပ်ဆိုင်းထားပါတယ်။

6 mins Ago

March 6, 2020

သတင်းထောက် ၂ ဦးပြန်လွတ်၊ ဖမ်းဆီးသူကို ထိရောက်စွာ အရေးယူနေဟု BGF ပြော

ရန်ကုန်အခြေအစိုက် သတင်းထောက် ၂ ဦးကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်စပ်မှာ  ဖမ်းဆီးခဲ့သူတွေကိုဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဖို့ ထိန်းသိမ်းလိုက်ပြီလို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ ( BGF) တာဝန်ရှိသူ တဦးက ပြောပါတယ်။ ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်း သတင်းထောက် နော်ဘက်တီဟန်နဲ့ မြန်မာတိုင်းမ်သတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ကိုမာနော်တို့ကို မြဝတီမြို့၊ အမှတ်(၁) နယ်စပ်ဂိတ်အနီးမှာ မတ် ၄ ရက်ညနေ ၄ နာရီလောက်မှာ BGF ယူနီဖောင်းဝတ် လက်နက်ကိုင် တချို့က  ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မတ်လ ၅ ရက် ညနေမှာ  ပြန်လွှတ်ပေးလိုက်တာပါ။  ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့ဖွဲ့စည်းကာ အလေးထားလုပ်ဆောင်နေတဲ့ အကြောင်းနဲ့  ဖမ်းဆီးတဲ့ တပ်ဖွဲ့ဝင်တွေကို ဖော်ထုတ်ပြီး အရေးယူဖို့ လုပ်နေတယ်လို့ BGF စည်းကမ်းထိမ်းသိမ်းရေးတာဝန်ခံ ဗိုလ်မှူးနိုင်မောင်ဇော်ကပြောပါတယ်။ “ကျနော်ပြောလိုတာကတော့ ဘီဂျီအက်ဖ်၊ ဘီဂျီအက်ဖ်ဆိုပြီးတော့မှ မေးခွန်းတွေ ထွက်လာတဲ့အပေါ်မှာ ကျနော်တို့ ဘီဂျီအက်ဖ်က ခိုင်းတယ်ဆိုရင် ဗဟိုဌာနချုပ်က အကြီးအကဲရဲ့ ညွှန်ကြားချက်ပါမှသာလျှင် ဘီဂျီအက်ဖ်ရဲ့ လုပ်ဆောင်ချက်လို့ ပြောလို့ရတယ်။ တဦးတယောက်ရဲ့ လုပ်ဆောင်ချက်က ဘီဂျီအက်ဖ်တခုလုံးနဲ့ မသက်ဆိုင်ဘူးလို့ ဦးစွာပထမပြောချင်တယ်။ နောက်တချက်က ဒီကလေးတွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်သွားတဲ့အပေါ်မှာ ကျနော်တို့ ပတ်သက်ခဲ့တဲ့ ကျူးလွန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို ဖော်ထုတ်မယ်။ ခုလည်းဖော်ထုတ်ပြီးပြီ ကျနော်တို့လည်း ထိန်းသိမ်းထားတယ်၊ ပြီးတော့ ထိထိရောက်ရောက် အရေးယူဖို့ အထက်က လူကြီးတွေ ဆက်ပြီးစီစဉ် ဆောင်ရွက်နေပါတယ်” လို့ ဗိုလ်မှူးနိုင်မောင်ဇော်ကပြောပါတယ်။  သတင်းထောက် ၂ ဦးဟာ မြဝတီနယ်စပ်တံတားအနီး မြစ်ကမ်းတလျှောက်မှာ လမ်းလျှောက်ရင်း ကာစီနိုလောင်းကစားရုံ ဆောက်လုပ်နေတဲ့ အဆောက်အအုံကို  ဓာတ်ပုံရိုက်ခဲ့တဲ့အတွက် အဖမ်းခံရတာ ဖြစ်တယ်။ ဖမ်းဆီးခေါ်ဆောင်ရာမှာ ရိုက်ကူးထာတဲ့ ဓာတ်ပုံတွေဖျက်ဆီးခံရသလို လူကိုလည်း ကိုယ်ထိလက်ရောက် နှိပ်စက်ပြီး မေးမြန်းတာခံခဲ့ရတယ်လို့ မြန်မာတိုင်းမ် ဓာတ်ပုံသတင်းထောက် ကိုမာနော်က ပြောပါတယ်။ “ကျနော်တို့ကို တောထဲကိုခေါ်သွားတယ်၊ ဘယ်နေရာလဲမသိဘူး။ ခေါ်သွားပြီး ရောက်တာနဲ့ ကျနော်တို့ပါတာတွေ အကုန်လုံး စစ်တယ်။ ကျနော့်ကို စကန်တယ်။ ဒီဘက်ကို ကန်တယ်။ ဒီဘက်ကို ထပ်ကန်တယ်။ နှစ်ဘက်စလုံးကို ကန်တယ်။ မျက်နှာကိုကန်တယ်၊ ပြီးရင် အလည်တည့်တည့်ကို ထပ်ကန်တယ်။ နှာခေါင်းသွေးလျှံတယ်၊ နှာခေါင်းသွေးက မနေ့က တော်တော်များများ သွေးတောင်ထွက်တယ်”  ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး သတင်းထောက် နော်ဘက်တီဟန်ကတော့ “ညီမကိုတော့ မကန်ဘူး၊ ဘာညာမလုပ်ဘူး၊ ဒါပေမယ့် သေနတ်နဲ့ ချိန်တယ်၊ သေနတ်တွေဘာတွေ မောင်းတင်တာ လုပ်တယ်၊ အဲဒါက နာရီဝက်ကျော်ကျော်လောက် ကြာတယ်။ ပြီးတော့ ညီမတို့ကို မျက်စိပြန်မှိတ်ပြီး နောက်ကားတစီးပေါ်တင်တယ်။ တင်ပြီးကားမောင်းသွားတယ် တောက်လျှောက် ဘာမှမမြင်ရဘူး။ ပြီးတော့ အချုပ်ခန်းထဲ ရောက်သွားတယ်၊ ရောက်တော့ ညီမတို့နှစ်ယောက်ကို ခွဲထားတယ်၊ ပြီးတော့ နောက်ပြန် လက်ထိပ် ခတ်ထားတယ် အချုပ်ခန်းထဲမှာထည့်ထားတယ်”လို့ ပြန်လွတ်လာပြီးနောက် ပြောပါတယ်။ သတင်းသမား ၂ ဦးပြန်လွတ်လာတဲ့အကြောင်း သက်ဆိုင်ရာသတင်းဌာနတွေကလည်း အတည်ပြုသတင်းထုတ်ပြန်ထားပါတယ်။ Frontier Myanmar သတင်းဌာနကတော့ သတင်းထောက် နော်ဘတ်တီဟန်နဲ့ အဆက်အသွယ်ရပြီဖြစ်ပြီး မနေ့ညနေက သူ့ကိုပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းနဲ့ သတင်းထောက် ထိန်းသိမ်းခံရမှုနဲ့ပတ်သက်ပြီး စာနာထောက်ထားနဲ့ ထုတ်ဖော်ပြောဆိုသူတွေကို  ကျေးဇူးတင်ကြောင်း ပြောပါတယ်။ သတင်းသမားတွေဟာ ဥပဒေနဲ့အညီ လွတ်လပ်စွာ သတင်းယူစဉ် ဖမ်းဆီးခံရတာဖြစ်ကြောင်းနဲ့ သတင်းသမားတွေလွတ်မြောက်ရေး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကလည်း ထုတ်ပြန် ကြေညာထားပါတယ်။ ဖိုးစီ
1 year Ago
Up