တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်ကနေ ဒီနေ့မှာ ကုန်းတွင်းပိုင်းကို ဝင်လာမယ့် တိုင်ဖွန်းမုန်တိုင်း မွေဖာအတွက် တရုတ်အစိုးရက အရေးပေါ်တုံ့ပြန်ရေး အဆင့်ကို အင်္ဂါနေ့မှာ အဆင့်မြှင့်တင်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အမျိုးသားရေကြီးမှု ထိန်းချုပ်ရေး၊ တိုင်ဖွန်းမုန်တိုင်းနှင့် မိုးခေါင်ရေရှား ကယ်ဆယ်ရေးဌာနချုပ်ရဲ့ အဆင့်လေးဆင့် တုံ့ပြန်ရေးစနစ်မှာ တတိယအမြင့်ဆုံးအဆင့်ကို သတ်မှတ်ခဲ့တာပါ။
အခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ တိုင်ဖွန်းမုန်တိုင်းအတွက် လက်တွေ့ကျတဲ့ အစီအမံတွေ အကောင်အထည်ဖော်ဖို့ မုန်တိုင်းဒဏ်ခံ ပြည်နယ်တွေကို တောင်းဆိုခဲ့ပါတယ်။
အမျိုးသား အရေးပေါ်စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူတွေက အန္တရာယ်ရှိနိုင်ခြေ အားလုံးကို ဖော်ထုတ်ဖို့နဲ့ ဘေးကင်းတဲ့နေရာတွေဆီကို ရွှေ့ပြောင်းပေးနိုင်ဖို့ အာဏာပိုင်တွေက တာဝန်ပေးထားပြီး ကမ်းပေါ်မှာ ရေတပ်သားတွေ ခိုလှုံဖို့ ညွှန်ကြားထားပါတယ်။
သင်္ဘောတွေကို ဆိပ်ကမ်းတွေဆီ ပြန်ပို့ဖို့ အမိန့်ပေးထားတယ်လို့ အမျိုးသား အရေးပေါ်စီမံခန့်ခွဲမှုဌာနက ပြောပါတယ်။
မွေဖာမုန်တိုင်းဟာ အင်္ဂါနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီမှာ ကျဲ့ကျန်းပြည်နယ် နင်ဘိုမြို့ ကမ်းရိုးတန်းရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀၀ လောက်အကွာမှာရှိပြီး မုန်တိုင်း ဗဟိုချက်နားက လေတိုက်နှုန်းဟာ တနာရီကို ကီလိုမီတာ ၁၅၀ ထက်မနည်းရှိတယ်လို့ ဒေသဆိုင်ရာ မိုးလေဝသဌာနက ဆိုပါတယ်။
တိုင်ဖွန်းဟာ ကျဲ့ကျန်းပြည်နယ်နဲ့ အိမ်နီးချင်း ကျန်စုပြည်နယ်ရဲ့ တချို့နေရာတွေမှာ တောင်ပေါ်ရေကြီးတာတွေနဲ့ မြေပြိုတာတွေ ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။