close

အရှေ့စည်းရွာ

close

July 18, 2022

အိမ်ခြေ ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် အရှေ့စည်းရွာပြည်သူ ၂၀၀၀ ကျော်အကူအညီလိုအပ်

စစ်ကောင်စီတပ် မီးရှို့မှုကြောင့် အိမ်ခြေ ၅၀၀ ကျော် ဆုံးရှုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အရှေ့စည်းကျေးရွာက ပြည်သူ ၂၀၀၀ ကျော် စားဝတ်နေရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ပုံမှန်လာရာလမ်းကြောင်းကနေ စစ်ကြောင်းမထိုးဘဲ အခြားတနေရာကနေ စစ်ကြောင်းထိုးတာနဲ့ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် နေအိမ်က ပစ္စည်းတွေကို သယ်ဆောင်နိုင်ခြင်းမရှိဘဲ ရုတ်တရက် အဝတ်တထည် ကိုယ်ေခုနဲ့ ပြေးလာရတယ်လို့ အရှေ့စည်းရွာက စစ်ဘေးရှောင်အမျိုးသမီးတဦးက ဒီဗွီဘီကို ပြောပါတယ်။

လက်နက်ကြီးမှန်လို့ ဝမ်းဗိုက်ချုပ်ရသူတွေလည်း ရှိကြောင်း၊ လက်ရှိမှာ စစ်ဘေးရှောင်တွေအနေနဲ့ နီးစပ်ရာကျေးရွာရဲ့ ဘုန်းကြီးကျောင်းနဲ့ ယာတောထဲက တဲတွေမှာ နေထိုင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေသလို ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ တိုက်ပွဲတွင်း ဆေးဝါးမရှိတာကြောင့် ကုသခွင့်မရလိုက်ဘဲ သားဖြစ်သူ ဆုံးရှုံးလိုက်ရတဲ့ မိခင်တဦးက ပြောပါတယ်။

“PDF ရဲဘော်တွေရဲ့ အကူအညီနဲ့ လက်ရှိမှာတော့ ပုံမှန်မိသားစုအခြေအနေ ပြန်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။”

အဆိုပါ အရှေ့စည်းကျေးရွာကို စစ်ကောင်စီတပ်သားတွေက မေလဆန်းပိုင်းက မီးရှို့ဖျက်ဆီးသွားခဲ့တာဖြစ်ပြီး ကျေးရွာက အိမ်ခြေ ၈၀၀ ဝန်းကျင်ရှိတဲ့အနက် ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လူဦးရေ ၂၀၀၀ ကျော် စားဝတ်နေရေး ခက်ခဲနေပါတယ်။

စစ်ဘေးရှောင်တွေကို ပြည်သူတွေ၊ ပရဟိတသမားတွေအနေနဲ့ ကူညီထောက်ပံ့ပေးကြဖို့အတွက် ပစ္စည်းတခုရောက်ဖို့ရာ လမ်းပန်းဆက်သွယ်ရေးအရ အလွန်ခက်ခဲကြောင်း အရှေ့စည်းကျေးရွာက စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။

လတ်တလောမှာ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ရေးများတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေ အိမ်ခြေ ၂၀၀၀ ကျော် ဆုံးရှုံးထားပါတယ်။

ကလေးမြို့နယ် ကျောက္ကာကျေးရွာမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကလေး)က တိုက်ခိုက် ကယ်ဆယ်ခဲ့တယ်လို့ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၄ ရက်က ကလေးမြို့နယ် ကျောက္ကာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ပြည်သူတွေ ဖမ်းဆီးနှိပ်စက်နေတာကြောာင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ကလေး)က ဝင်ရောက်ကယ်ဆယ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၆ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထွက်ပြေးသွားခဲ့ကေပြာင်း ပြည်သူ့ကာကွယ်ရေးတပ်သားတွေက ကျေးရွာပြည်သူ ၅၀  လောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

2 mins Ago
Up