ဗြိတိန်ရဲ့ အကြီးဆုံးသူလျှိုအေဂျင်စီ ဖြစ်တဲ့ ဗြိတိန်ဆက်သွယ်ရေးဌာနချုပ် GCHQ က လျှို့ဝှက်ကုဒ် ဖော်ထုတ်သူနဲ့ သင်္ချာပညာရှင် အလန်တူရင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကြီးမားတဲ့ ရောင်စုံ အနုပညာလက်ရာတစ်ခု ဖန်တီးပြုလုပ်ထားပါတယ်။
ဌာနချုပ်အလယ်က မြေပြင်မှာ ၃၃ ပေ ပတ်လည်ရှိတဲ့ ရုပ်ပုံအတွင်း တူရင် ပုံစံထုတ်ခဲ့တဲ့ ကုဒ်ဖော်ထုတ်တဲ့စက်ရဲ့ ဘီးတွေထဲမှာ တူရင်ရဲ့ ပုံကို သရုပ်ဖော်ထားပါတယ်။
အလန်တူရင်ဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမန်တွေကို ရင်ဆိုင်ရာမှာ ကူညီခဲ့သူဖြစ်ပြီး ခေတ်သစ်ကွန်ပျူတာပညာရပ်ရဲ့ ဖခင်လို့ မှတ်ယူလို့ရသူပါ။
သူဟာ ဗြိတိန် သူလျှိုတွေအတွက် နာဇီဂျာမန်တွေရဲ့ ရေတပ်လျှို့ဝှက်ကုဒ်ကို ဖော်ထုတ်တဲ့အဖွဲ့ကို ဦးဆောင်ပါတယ်။ ဒါပေမဲ့ ၁၉၅၂ ခုနှစ်မှာ တခြား အမျိုးသားတယောက်နဲ့ လိင်ဆက်ဆံမှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ရပြီး ဟော်မုန်းဆေးတွေ အတင်းအကျပ် ထိုးပေးတာ ခံခဲ့ရပါတယ်။
နောက် ၂ နှစ်အကြာ အသက် ၄၁ နှစ်အရွယ်မှာ တူရင်ဟာ ဆိုင်ယာနိုက်အဆိပ် သုတ်လိမ်းထားတဲ့ ပန်းသီးကို စားပြီး သူ့ကိုယ်သူ သတ်သေခဲ့ပါတယ်။
သူ့မွေးနေ့မှာ တူရင်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ပုံကို ရိုက်နှိပ်ထားတဲ့ စတာလင်ပေါင် ၅၀ တန် ငွေစက္ကူကို ထုတ်ဝေခဲ့ပါတယ်။
သူ သေဆုံးပြီး နှစ်ချီကြာလာတဲ့အခါမှာ တူရင်ဟာ ဘဝတလျှောက် ထင်ရာမြင်ရာ ဘက်လိုက် ဆုံးဖြတ်ခံ မုန်းထားခံရတဲ့ လိင်တူစုံမက်သူတွေရဲ့ သင်္ကေတ ဖြစ်လာခဲ့ပါတယ်။
ဓာတ်ပုံ- ရိုက်တာ