close

အလယ်တန်းကျောင်း

close

February 3, 2023

မိုးညှင်းမြို့မအလယ်တန်းကျောင်းဝင်းအတွင်း ဗုံး ၂ လုံးပေါက်ကွဲ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မြို့မအလယ်တန်းကျောင်းဝင်းအတွင်းမှာ ဖေဖော်ဝါရီ ၁ ရက် မနက်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းတာ ၂ နှစ်ပြည့် တိတ်ဆိတ်ခြင်းသပိတ် ပြုလုပ်တဲ့နေ့မှာ မြို့မ အလယ်တန်းကျောင်းဝန်းအတွင်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်က  လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ဒေသခံအမျိုးသားတဦးက “ဒီနေ့က စစ်တပ်အာဏာသိမ်းတဲ့နေ့ တမြို့လုံးကလည်း တိတ်ဆိတ်ခြင်းသပိတ်လုပ်ဖို့ စိတ်အားထက်သန်နေကြတယ်။ အတော်များများက အိမ်မှာပဲနေကြတာ။ အဲဒါ အလယ်တန်းကျောင်းမှာ ဗုံးနှစ်လုံးကွဲတယ်။ ပြည်သူတွေ အတော်များများက နေအိမ်အပြင် မထွက်ကြဘူး။ ဘယ်သူခွဲလဲတော့ ကျနော်မသိဘူး။ ဗုံးပေါက်ပြီး လက်နက်ကြီးနဲ့ ရမ်းသန်းပစ်နေတာပဲ” လို့ ပြောပါတယ်။

မြို့မအလယ်တန်းကျောင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ထန်းတပင် ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

မိုးညှင်းမြို့မအလယ်တန်းကျောင်းမှာ ဗုံးနှစ်လုံးပေါက်ကွဲတာဟာ စစ်ကောင်စီက လုပ်ဆောင်တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ အရပ်သားပြည်သူတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေကို ကာကွယ်စောင့်ရှောက်မှာဖြစ်ပြီး ဖောက်ခွဲမှုကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း Mohnyin Revolution Force က ထုတ်ပြန်ထားပါတယ်။

3 hours Ago

November 21, 2021

အုတ်ဖိုမြို့နယ်က အလယ်တန်းကျောင်းတွင် အသံဗုံး ပေါက်

ပဲခူးတိုင်းအနောက်ပိုင်း အုတ်ဖိုမြို့နယ်၊သင်ပန်းကုန်းကျေးရွာအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာ အလယ်တန်း ကျောင်းမှာ နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းက ကျောင်းတက်ချိန်မှာ အသံဗုံး ၁ လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပညာရေးဝန်ထမ်းတဦးက ''အသံအကျယ်ကြီးပဲ။ မြေကြီးတောင်တုန်တယ်။ ဆရာတွေကော ကျောင်းသားတွေကော လန့်ကုန်ကြတာပေါ့။ ကျောင်းသားတွေကို ပြန်လွှတ်လိုက်တယ်။ ပညာရေး ဝန်ထမ်းတွေကတော့ ကျောင်းစောင့်အနေနဲ့ နေခဲ့ရတာပေါ့။ တို့ဘဝတွေကလည်း မိသားစုဝင်ငွေ အတွက် လစာကိုမျှော်နေရလို့သာ လုပ်နေရတာပါ'' လို့ ပြောပါတယ်။

အဲဒီကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအပြင် အနီးအနားကျေးရွာတွေက စာသင်ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း လုံခြုံရေးအခြေအနေအရ နေအိမ်ကို ပြန်လွတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

''ကလေးတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်မှာစိုးရိမ်လို့ မိဘတွေကကျောင်းတွေကို သွားခေါ်ကြ တယ်။ လာမယ့်ကျောင်းဖွင့်ရက်တော့ ဘယ်လိုဖြစ်မယ်မသိဘူး” လို့ ကျောင်းသားမိဘတဦးက ဆိုပါတယ်။

အုတ်ဖိုမြို့နယ်က ဂုံညင်းတန်းကျေးရွာ၊ အထက်တန်းကျောင်းမှာလည်း နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းက မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး ၁ လုံးကို စစ်ကောင်စီတပ်သားတွေ ရောက်လာကာ  သေနတ်နဲ့ပစ်ခတ်ဖျက်ဆီးလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အုတ်ဖိုမြို့နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ ဖွဲ့စည်းထားတာ မရှိသေးလို့  ဗုံးထောင်ဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ကြောင်း သတင်းထုတ်ပြန်ထားတာလည်း မတွေ့ ရှိရသေးပါဘူး။

1 year Ago
Up