close

အလီရေဇာ အခ်ဘာရီ

close

January 15, 2023

အလီရေဇာ အခ်ဘာရီကို ကွက်မျက်သည့်အပေါ် ဗြိတိန်ဝန်ကြီးချုပ် ဝေဖန်

တချိန်က အီရန်လက်ထောက်ကာကွယ်ရေးဝန်ကြီး၊ တရားစီရင်ရေးနဲ့ နိုင်ငံပိုင်ရုပ်သံတို့မှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ဗြိတိန်-နဲ့ အီရန်နိုင်ငံသား ၂ မျိုး ကိုင်ဆောင်ထားသူ အလီရေဇာ အခ်ဘာရီကို ကွပ်မျက်တဲ့လုပ်ရပ်ဟာ ကိုယ့်ပြည်သူတွေရဲ့ လူ့အခွင့်အရေး အပေါ်တောင် လေးစားမှုမရှိဘဲ ရိုင်းစိုင်းတဲ့ စစ်အစိုးရရဲ့ စာနာစိတ်ကင်းမဲ့တဲ့အပြင် သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ ဗြိတိန် ဝန်ကြီးချုပ် ရိရှိ ဆူနခ်က ဇန်နဝါရီ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။

သူ့ကို ကွပ်မျက်တဲ့အတွက် ထိတ်လန့်ရတယ်လို့လည်း ဆူနက်ခ်က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးထားပြီး ဒီလုပ်ရပ်အတွက် စိန်မခေါ်ဘဲ နေမှာ မဟုတ်ဘူးလို့လည်း ပါးပါးနပ်နပ် ပြောပါတယ်။ 

“ကျနော်တို့ဟာ အီရန်ရဲ့ လုပ်ရပ်ကို စက်ဆုပ်ကြောင်း ရှင်းအောင်ပြောဖို့ အီရန်နိုင်ငံဆိုင်ရာ တာဝန်ခံကို ဆင့်ခေါ်မယ်” လို့ ဆူနက်ခ်က ပြောပါတယ်။

အီရန်အစိုးရက အခ်ဘာရီကို ဗြိတိန်နိုင်ငံအတွက် သူလျှိုလုပ်မှု စွဲချက်နဲ့ သေဒဏ်ချမှတ်ပြီး တဲ့နောက် သူလွတ်မြောက်ရေးအတွက် ဗြိတိန်အစိုးရက တောင်းဆိုတာတွေကို ဖီဆန်ခဲ့တာပါ။

သူ့ကို ကွပ်မျက်တာဟာ နိုင်ငံရေးအရ အကွက်ရွှေ့တာလို့ ဗြိတိန်အစိုးရက ကြေညာထားပြီး ကွပ်မျက်မှုကို ပြစ်တင် ရှုတ်ချခဲ့ပါတယ်။

ဘီဘီစီပါရှားသတင်းဌာနက ထုတ်လွှင့်တဲ့ အခ်ဘာရီရဲ့ အသံကို ဖမ်းယူထားတဲ့ အသံဖိုင်ထဲမှာ သူဟာ ဆက်တိုက် နှိပ်စက်ခံရအပြီး သူမကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဝန်ခံခဲ့တယ်လို့ ပြောထားပါတယ်။

၂၀၂၀ ခုနှစ်မှာ အီရန်နိုင်ငံရဲ့ ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင် မိုဇန် ဖခရီဇာဒါ လုပ်ကြံ သတ်ဖြတ်ခံရမှုမှာ အခ်ဘာရီ ပါဝင်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၁၂ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ လုပ်ကြံခံရချိန်တုန်းက အီရန်အာဏာပိုင်တွေက အစ္စရေးအပေါ် အပြစ်တင်ခဲ့တာပါ။

ဗွီဒီယိုထဲမှာ အခ်ဘာရီဟာ လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ ဝန်မခံပေမယ့် ဗြိတိန်အေးဂျင့်တဦးက ဖခရီဇာဒါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တောင်းခံထားတယ်လို့ ပြောခဲ့ပါတယ်။

အီရန်နိုင်ငံပိုင် မီဒီယာတွေဟာ နိုင်ငံရေးအရ စွဲချက်တင်ထားတဲ့ အမှုတွေမှာ သံသယရှိသူတွေရဲ့ ဝန်ခံချက်တွေကို မကြာခဏ ထုတ်လွှင့်လေ့ရှိပါတယ်။

ရိုက်တာဟာ အီရန် နိုင်ငံပိုင်မီဒီယာရဲ့ ဗွီဒီယိုနဲ့ အသံဖိုင်တို့ အစစ်လား အတုလား ဒါမှမဟုတ် ဒါတွေကို ဘယ်အချိန်၊ ဘယ်နေရာမှာ မှတ်တမ်းတင်ထားတယ် ဆိုတာကို မဖော်ထုတ်နိုင် သေးပါဘူး။ 

3 hours Ago
Up