close

အလုပ်ကြမ်းနှင့်ထောင်ဒဏ်

close

March 24, 2023

လားရှိုးတွင် CDM ဝန်ထမ်း ၂ ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

ရှမ်းပြည်နယ်​​​မြောက်ပိုင်း၊ လားရှိုးမြို့က ကျန်းမာရေးဌာနက သူနာပြု CDM ဝန်ထမ်း ၁ ဦးနဲ့ ပညာရေးဌာနက ကျောင်းဆရာ CDM ဝန်ထမ်း ၁ ဦးတို့ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးကနေ မတ်လ ၂၃ ရက်မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့နယ်တရားရုံးကနေ သူနာပြုဆရာမ မခင်ငြိမ်းချမ်းနဲ့ အလယ်တန်းပြဆရာ ဦးသန်းတိုးအောင်တို့ကို အလုပ်ကြမ်းနဲ့ ထောင် ၂ နှစ်စီချလိုက်တာလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲ့ဒီ CDM ၂ ဦးက ဖေဖော်ဝါရီ  ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဒုရဲအုပ်သူရထွန်းက တရားလိုပြုလုပ်ကာ ပုဒ်မ- ၅၀၅ (က)နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

လားရှိုးအကျဥ်းထောင်မှာ စစ်တပ်အာဏာသိမ်းမှုကိုနည်းပေါင်းစုံနဲ့ ဆန့်ကျင်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံထားရသူ အမျိုးသားဦးရေ ၁၀၀ ကျော်နဲ့ အမျိုးသမီးဦးရေ  ၅၃ ဦးရှိကြောင်း ထောင်းတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

5 mins Ago

September 5, 2022

ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်သည့်အပေါ် အီးယူ ရှုတ်ချ

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ မဲသမာမှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်တဲ့အပေါ် ဥရောပသမဂ္ဂ (အီးယူ)က စက်တင်ဘာ ၄ ရက်မှာ ရှုတ်ချလိုက်ပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားမျှတမှုမရှိတဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ထပ်တိုး  ပြစ်ဒဏ်ကို အီးယူရဲ့ အဆင့်မြင့် သံတမန်တစ်ယောက်ဖြစ်တဲ့ Josep Borrell က အီးယူအနေနဲ့ ရှုတ်ချလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် စွဲချက် ၁၁ ခုအတွက် ထောင်ဒဏ် အနှစ် ၂၀ ကျခံထားရသလို နောက်ထပ်လည်း စွဲဆိုထားတဲ့အမှုတွေ ကျန်နေပါသေးတယ်လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ အီးယူအနေနဲ့ တောင်းဆိုတယ်လို့လည်း ဆိုထားပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောင်ဒဏ် ၃ နှစ် ထပ်တိုး ချမှတ်လိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သလို စစ်ကောင်စီကို ဖိအားတွေ ထပ်ပေးဖို့ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

7 months Ago
Up