ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား ၂,၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က ထုတ်ပြန်ပါတယ်။
အလုပ်သမား ၁,၀၀၀ ကျော်ဆီနဲ့ လည်ပတ်နေတဲ့ GTIG အထည်ချုပ်စက်ရုံနဲ့ GY Sen အထည်ချုပ်စက်ရုံတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့မှာ ပိတ်သိမ်းလိုက်ကြတာ ဖြစ်ပါတယ်။
အဲဒီလို စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်သမားထောင်နဲ့ချီ အလုပ်လက်မဲ့ဖြစ်ကြရပြီး အလုပ်ပြန်ရဖို့ မလွယ်နိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ STUM တာဝန်ရှိသူတဦးက ပြောတယ်။
“အလုပ်သမားတွေအနေနဲ့ ခက်ခက်ခဲခဲ အခြေအနေ ရင်ဆိုင်ရတော့မှာ။ နောက်အလုပ်တခု ပြန်ရဖို့ဆိုတာ မလွယ်ဘူး။”
အခုပိတ်သိမ်းလိုက်တဲ့ စက်ရုံနှစ်ခုလုံးဟာ တရုတ်နိုင်ငံသားပိုင်တွေဖြစ်ပြီး Primark အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေတာလို့လည်း STUM က ထုတ်ပြန်ထားပါတယ်။
စက်ရုံပိတ်သိမ်းလိုက်တဲ့အတွက် နို့တစ်ကြေးနဲ့ လုပ်သားနစ်နာကြေးတွေကို ပြန်ထုတ်ပေးမယ်ဆိုပြီး စက်ရုံတွေက အသိပေးထားတယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့ စက်ရုံကို ယာယီ ဒါမှမဟုတ် အပြီးပိတ်သိမ်းတာ ဟုတ်မဟုတ် မသိရသလို သက်ဆိုင်ရာ အလုပ်သမားရုံးဆီ ပိတ်သိမ်းခွင့်တင်ထားခဲ့တာ မရှိဘဲ ပိတ်လိုက်တာလို့လည်း STUM က ဆိုပါတယ်။
အိန္ဒိယနိုင်ငံ မိုးရေးနဲ့ မြန်မာနိုင်ငံ တမူးနယ်စပ်မှာ လွတ်လပ်စွာ ဖြတ်ကျော်သွားလာခွင့် အကန့်အသတ်မရှိ တားမြစ်ထားတာကြောင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနဲ့ အလုပ်အကိုင်တွေ ထိခိုက် နေပါတယ်။
အဲဒီတားမြစ်ချက်ကြောင့် ပွင့်ပွင့်လင်းလင်းလုပ်ရတဲ့ အလုပ်ရော လျှို့ဝှက်ပြီး လုပ်ရတဲ့ အလုပ်တွေကပါ သုံးနိုင်စွဲနိုင် ဝင်ငွေရရှိနေတဲ့ ဒေသခံ လူထောင်ပေါင်းများစွာအတွက် အလုပ်လက်မဲ့ ဖြစ်နေစေတယ်လို့ အိန္ဒိယအခြေစိုက် The Hindu သတင်းမှာ ရေးပါတယ်။
ကိုဗစ်-၁၉ နဲ့ အိုမီခရွန် မျိုးကွဲရောဂါပိုးတို့ ကူးစက်မှုကို စစ်ဆေးတာဆီးနိုင်ဖို့ တားမြစ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဘက်အခြမ်းနယ်စပ်က ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အလွန်အားနည်းပြီး ရွာသားတွေဟာ မဏိပူရပြည်နယ် အစိုးရဆေးရုံနဲ့ မိုးရေးဘက်က ဆေးပေးခန်းတွေကို အားထားနေရတယ်လို့ဆိုပါတယ်။
မိုးရေးတောင်ပေါ်မျိုးနွယ်စုများကောင်စီဥက္ကဋ္ဌ ဗစ်တာလင်မ်ထန်းက “ကုန်သွယ်ရေးနဲ့ လွတ်လပ်စွာ သွားလာခွင့်တွေကို တားမြစ်ထားတော့ မြန်မာဘက်ကကုန်သည်တွေ နယ်စပ်ဖြတ်ကျော်ကုန်သွယ် လို့ မရတော့ဘူးပေါ့။ ၂၀၂၁ ခုနှစ် နှစ်စတည်းကစပြီး မိုးရေးမြို့နဲ့ မဏိပူရပြည်နယ်ထဲက တခြားမြို့တွေကို ကိုဗစ်-၁၉ ကူးစက်ခံရမှာကြောက်လို့ တားမြစ်ထားတာပါ။ ကုန်သွယ်ပြီး ဝင်ငွေရှာလို့ မရတော့ နယ်စပ်ကရွာသားတွေ ဒုက္ခရောက်တာပေါ့”လို့ ပြောပါတယ်။
အခုချိန်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ ကူးစက်မှုတွေ လျှော့ကျသွားပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံဘက်အခြမ်းမှာတော့ နိုင်ငံရေးပြဿနာတွေ ရှိနေဆဲ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၃ ရက်မှာ တောင်ပေါ်မျိုးနွယ်စုများကောင်စီ (HTC) က ကျင်းပတဲ့အစည်းအဝေးမှာ နယ်စပ်ရဲ့ နှစ်ဘက်မှာနေထိုင်ကြတဲ့ ဒေသခံတွေ လွပ်လပ်စွာသွားလာနိုင်ရေး ပြန်လည်ခွင့်ပြုဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့ ၆ နဲ့ တပ်ဖွဲ့ ၂၀ က အရာရှိတွေလည်း အဲဒီအစည်းအဝေးမှာ ပါဝင်ခဲ့ပြီး နယ်စပ်နဲ့ ၁၂ ကီလိုမီတာဝေးတဲ့ မိုးရေးကနေ ပြန်လာတဲ့ကားတွေကို အာသံရိုင်ဖယ်တပ်က စစ်ဆေးရေးဂိတ်မှာ အချိန်ကြာမြင့်စွာ စစ်ဆေးတဲ့အပေါ် တိုင်တန်းတာတွေ များစွာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မဏိပူရပြည်နယ်ထဲမှာ မြန်မာနိုင်ငံသားတွေကို ရဲတွေက ဖမ်းဆီးနေတာတွေ ရှိနေပါတယ်။ မီဇိုရမ်ပြည်နယ်ထဲမှာတော့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီတာ မရှိဘဲ မီဇိုရမ်ပြည်နယ်အစိုးရဟာ အာဏာသိမ်းပြီးနောက်ပိုင်းထဲက သူ့ ပြည်နယ်ထဲကို ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၀,၀၀၀ ကျော်ကို ဒုက္ခသည်အထောက်အထားတွေ ထုတ်ပေးဖို့ဆောင်ရွက်ကာ ကူညီစောင့်ရှောက်ထား တယ်လို့ ဆိုပါတယ်။
လက်ရှိထုတ်ပြန်ထားတဲ့ တားမြစ်ချက်ကြောင့် ၁၉၉၅ ခုနှစ်တည်းက နယ်စပ်ကုန်သွယ်မှုကို တရားဝင်ခွင့်ပြုထားတဲ့ မိုးရေး-တမူး နယ်စပ်မှာ ကုန်သွယ်မှုတွေ မရှိတော့ပါဘူး။
နယ်စပ်ကုန်သွယ်မှု မရှိရတာရဲ့ နောက်တစ်ချက်ကတော့ အဝေးပြေးလမ်းတွေပေါ်မှာ အထိန်းအကွပ်မဲ့ ခြိမ်းခြောက်ငွေတောင်းမှုတွေ ရှိနေတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။
ဒီလိုအတားအဆီးတွေရှိနေတဲ့ကြားက မူးယစ်ဆေးဝါး၊ ရွှေပြားနဲ့ လက်နက်မှောင်ခိုလုပ်ငန်းတွေနဲ့ တရားဝင်ခွင့်ပြုထားခြင်း မရှိတဲ့ ကုန်ပစ္စည်းတွေကိုမှောင်ခိုသယ်ယူပို့ဆောင်တဲ့ လုပ်ငန်းတွေက တော့ လျော့နည်းရပ်တန့်သွားခြင်း မရှိဘူး လို့ဆိုပါတယ်။
အပတ်စဉ်တိုင်းလိုလို မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိနေပေမဲ့ ဖမ်းဆီးရရှိတဲ့ မူးယစ်ဆေးဝါးတွေ အားလုံးကိုတော့ မှတ်တမ်းထဲ မထည့်ကြဘူးလို့ ဆိုပါတယ်။
ဒါဟာ မူးယစ်ဆေးဝါး ဟုတ်၊ မဟုတ် စစ်ဆေးဖို့လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေ မရှိတာ ကြောင့် မူးယစ်ဆေးဖြစ်ကြောင်း အတည်ပြုဖို့ အချိန်အတော်ကြာအောင် ဆောင်ရွက်နေရတာ ကြောင့် ဖြစ်တယ်လို့ The Hindu သတင်းမှာ ဖော်ပြထားပါတယ်။