ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းက မြို့တွေမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ တရားဝင်အလုပ်သမားကတ်မရှိတဲ့အတွက် ထိုင်းအစိုးရက သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံး သတ်မှတ်လုပ်အားခ မရဘဲ ဖြစ်နေကြတယ်လို့ အလုပ်သမား အသိုက်အဝန်းကနေ သိရပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၂၀ ဇန်နဝါရီ ၁ ရက်ကစပြီး အနိမ့်ဆုံးလုပ်အားခကို မဲဆောက်အပါအဝင် တာ့ခ်ခရိုင် ၉ မြို့နယ်မှာ တစ်နေ့လုပ်အားခ ၃၁၅ ဘတ် သတ်မှတ်ထားတာဖြစ်ပေမဲ့ အလုပ်သမား ကတ်မရှိတဲ့ အလုပ်သမားတွေကတော့ လုပ်အားခ အပြည့်မရကြပါဘူး။
မဲဆောက်မြို့ရှိ ဖိနပ်စက်ရုံမှာ လုပ်လုပ်နေတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတဦးက“ အလုပ်လုပ်ရတာတော့ ပင်ပန်းတယ်။ တစ်နေ့ကို ဘတ်၂၀၀ နဲ့ လုပ်ရတယ်။ တရားဝင်ပတ်စပို့ ရှိတဲ့အလုပ်သမားတွေကိုတော့ ၃၁၅ ဘတ်ပေးတယ်။ တရားဝင် ကတ်မရှိတဲ့ ပတ်စ်ပို့မရှိတဲ့သူတွေကော့ တစ်နေ့ကိုဘတ် ၂၀၀ ပဲရတယ်။ အလုပ်လုပ်ရတာကတော့ ခိုင်းတာတော့ အကုန်အတူတူပါဘဲ။ ကိုယ့်မှာ ကတ်မရှိလို့ ၂၀၀ ပေးတာ။” လို့ ပြောပါတယ်။
အလုပ်သမားကတ်ရှိတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်အားခ ဘတ် ၃၀၀ ရနိုင်တယ်လို့ ထိုင်းရောက် မြန်မာလုပ်သားတွေတွက် ပန်းရောင်ကတ် လျှောက်ထားမှုလုပ်ငန်းစဥ်ကို ဝန်ဆောင်မှုပေးနေတဲ့ ကိုချာလီက ပြောပါတယ်။
“ထိုင်းနိုင်ငံသားမှန်ရင်လည်း အခွန်ဆောင်ပြီးနေရတယ်၊ ကျနော်တို့ မြန်မာနိင်ငံသားတွေလည်း အခွန်ဆောင်ပြီး ဒီနိုင်ငံမှာ တရားဝင်နေရင် ဘယ်သွားသွား အဖမ်းအဆီးဆိုတာ မရှိစေရဘူး၊ တရားဝင်နေပြီး အလုပ်လုပ်ရင် အခုအလုပ်လုပ်နေတဲ့ ၃ ရက်စာလောက်(ကို တစ်ရက်နဲ့) ရတယ်။ တရားဝင်နေရင် တစ်ရက်ဘတ် သုံးရာလောက်ရတယ်၊ အခုက တစ်ရာ တစ်ရာ့ငါးဆယ်ပဲ ရနေကြတယ်။”
ထိုင်းနိုင်ငံမှာ တရားဝင် စာရွက်စာတမ်းမရှိသူတွေကို ထိုင်းအလုပ်ရှင်တွေက အလုပ်မခန့်လိုတာ၊ ခန့်ထားတဲ့အခါမှာလည်း လုပ်အားခ နေ့ကြေး အပြည့်အဝမပေးတာ၊ အချိန်ပိုကြေးမရတာနဲ့ လုပ်အားခေါင်းပုံဖြတ်တာတွေနဲ့လည်းရှိတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။
မြန်မာအပါအ၀င် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိင်ငံတို့မှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ရောက်ရှိနေသူတွေအတွက် အွန်လိုင်းမှတဆင့် အမည်စာရင်း တင်သွင်းတာကို သြဂုတ် ၁ ရက်က စတင်ကာ ဆောင်ရွက်ပေးသွားမယ်လို့ ထိုင်းအလုပ်အကိုင်ရှာဖွေရေး ညွှန်ကြားရေးမှူးချုပ် ဖိုင်ရို့ ချိုတစ်စထီးယန်းက သတင်းထုတ်ပြန်ပြောကြားထားပါတယ်။
လက်ရှိမှာလည်း ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက ပန်းရောင်ကတ် တွေ လုပ်ပေးနေတာလည်း ရှိပါတယ်။
မကြာသေးခင်က ဖုတ်ဖမြို့နယ်မှာ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအတွက် ပန်းရောင်ကတ် လျှောက်ထားမှုလုပ်ငန်းစဥ် ပညာပေးရှင်းလင်းပွဲကျင်းပခဲ့ရာမှာ ထိုင်းနိုင်ငံ စစ်ဘက် အရပ်ဘက်မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး လာရောက်တဲ့ အလုပ်သမားတွေကို ဆန်၊ ဆီ တွေလည်း ဝေငှပေးခဲ့ပါတယ်။
အခုနှစ်မှာ ပန်းရောင်အလုပ်သမားကတ်ပြုလုပ်မယ့် မြန်မာအပါအဝင် နိုင်ငံလေးနိုင်ငံမှ တရားမဝင် အလုပ်သမားဦးရေ နှစ်သိန်းအထိ ရှိမယ်လို့ ထိုင်းနိုင်ငံ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထုတ်ပေးမယ့် ပြည်ပအလုပ်အကိုင်အသိအမှတ်ပြုကတ် (OERC) ကိုင်ဆောင်ရင် အမည်ပျက်စာရင်းသွင်းပြီး တရားစွဲအရေးယူမယ်လို့ စစ်ကောင်စီက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
NUGအလုပ်သမားဝန်ကြီးဌာနက ပြည်ပမှာ အလုပ်လုပ်ကိုင်တဲ့သူတွေကို အလုပ်သမားဥပဒေပါအတိုင်း အသိအမှတ်ပြုကတ် ထုတ်ပေးမယ်ဆိုတဲ့ ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ပြီး အလုပ်သမားတွေကိုပါ သတိပေးလိုက်တာ ဖြစ်ပါတယ်။
NUG အစိုးရကပေးတဲ့ OERC ကတ်ကို လျှောက်ထားတာ၊ လက်ဝယ်ကိုင်ဆောင်ထားတာကို စစ်ဆေးတွေ့ရှိရင် အမည်ပျက်စာရင်းသွင်းကာ ပြည်ဝင်/ထွက်ခွင့် ပိတ်ခံရမယ့်အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ပါ အရေးယူမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ပြည်ပနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း OERC ကတ် လျှောက်ထားတာ၊ လက်ဝယ်ကိုင်ဆောင်တာ စစ်ဆေးတွေ့ရှိရင် အမည်ပျက်စာရင်း ရေးသွင်းပြီး နိုင်ငံကူးလက်မှတ် ပယ်ဖျက်တာ၊ နိုင်ငံသားအဖြစ်မှ ရပ်စဲတာ၊ ပြည်ဝင်ခွင့်ပိတ်တာမျိုး ပြုလုပ်ခံရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေကို ပြည်ပအလုပ်အကိုင် အသိအမှတ်ပြုကတ် (OWIC) အမည်နဲ့ ထုတ်ပေးနေပြီး အဲဒီကတ်မပါရင် ပြည်ပထွက်ခွင့် တားမြစ်ထားပါတယ်။
NUG အစိုးရက OERC အမည်နဲ့ကတ်ကို ပြည်ပသွားရောက်မယ့် အလုပ်သမားတွေနဲ့ ပြည်ပရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ထုတ်ပေးဖို့ ပြင်ဆင်နေတာပါ။
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦးကတော့ “စစ်ကောင်စီက ဘယ်လိုတားတား NUG က ထုတ်ပေးတဲ့ကတ်ကို လျှောက်ဖို့ ပြင်ထားပြီးသားပါ။ ကိုယ့်တရားဝင်အစိုးရထုတ်ပေးတဲ့ကတ်ပဲ လိုချင်တယ်”လို့ ပြောပါတယ်။
NUG အစိုးရအနေနဲ့ ပြည်ပရောက် မြန်မာလုပ်သားအရေအတွက်နဲ့ သူတို့ကို ကူညီပေးနိုင်ဖို့ အသိအမှတ်ပြုကတ် ထုတ်ပေးရေး စီစဥ်နေတာလို့ ထုတ်ပြန်ထားပါတယ်။
ကတ်လျှောက်ထားမှုကို အွန်လိုင်းစနစ် အသုံးပြုသွားမှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံရောက် မြန်မာအလုပ်သမားကူညီရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်မယ်လို့ အသိပေးထား ပါတယ်။
အာဏာသိမ်းစစ်တပ်က NUG လုပ်ဆောင်မယ့်အစီအစဥ်ကို မလိုလားဘဲ အလုပ်သမားတွေကို အရေးယူမယ့်အကြောင်း စစ်ကောင်စီ လက်အောက်ခံသံရုံးတွေကတဆင့် သတိပေးချက်တွေ တောက်လျှောက်ထုတ်ပြန်နေတာဖြစ်ပါတယ်။