close

အလုပ်သမားများ အလုပ်ဖြုတ်ခံရမှု

close

July 5, 2022

ရွှေပြည်သာရှိ ရွှေမြေစက္ကူစက်ရုံတွင် အချိန်ပိုကြေးတောင်းဆိုသည့် အလုပ်သမားများ အလုပ်ဖြုတ်ခံရ

ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်-၂ မှာရှိတဲ့ မြန်မာနိုင်ငံသားပိုင် ရွှေမြေစက္ကူစက်ရုံပိုင်ရှင်က အချိန်ပိုကြေးတောင်းဆိုတဲ့ ဘွိုင်လာဌာန အလုပ်သမားတွေကို အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်လိုက်တယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အဆိုပါစက္ကူစက်ရုံဟာ စက်ရုံအတွင်းမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းပြီး အလုပ်သမား အခွင့်အရေး တောင်းဆိုမှုတွေ မလုပ်နိုင်အောင် ဖိနှိပ်ထားတဲ့အပြင် အလုပ်သမားတွေရဲ့ အချိန်ပိုလုပ်အားခကိုလည်း ခေါင်းပုံဖြတ်နေတာကြောင့် အလုပ်သမားတွေက ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တောင်းဆိုရာမှာ လုပ်ဖြုတ်ခံရတာလို့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

 “ပြီးခဲ့တဲ့ ရက်ပ်ိုင်းက ဖြစ်ခဲ့တာပါ။ ဘွိုင်လာဌာနမှာ ဝန်ထမ်းစုစုပေါင်းက ၈ ဦး ရှိတဲ့အနက် ၇ ဦးက အလုပ်ဖြုတ်ခံလိုက်ရတယ်။ ပြီးတော့ သူတို့က ဘွိုင်လာဌာနမှာ လုပ်သက်ရင့် နှစ်ကြီး သမားတွေ။ ဘွိုင်လာဆိုတော့ စက်က ရပ်ထားလို့လည်း မရဘူး။ ဒီ့အတွက် အဆိုင်းတွေ ချထားရတယ်။ ဆိုတော့ သူ့အဆိုင်းနဲ့ သူ ပေါ့။ ဒါပေမဲ့ အဲ့ဒီ့လို မလုပ်ပဲနဲ့ သူတို့အဖွဲ့ကိုဘဲ ခိုင်းထားကြတယ်။ ဒါကြောင့် သူတို့က အချိန်ပိုကြေး ပေးဖို့၊ ဒါမှမဟုတ်ရင် အဆိုင်းတွေ ခွဲပြီး ချပေးဖို့ ဆိုပြီး တောင်းဆိုကြတယ်။ အဲ့ဒီလို တောင်းဆိုလို့ သူတို့ အားလုံးကို အလုပ်က ဖြုတ်ပြစ်လိုက်တယ်။”

အခုလို မတရား အလုပ်ဖြုတ်လိုက်တဲ့အပေါ် စက်ရုံမှာရှိတဲ့ ဘဝတူ တခြားစက်ရုံအလုပ်သမားတွေလည်း အလုပ်ဖြုတ်ခံရမှာ စိုးရိမ်တာကြောင့်  ဝိုင်းဝန်းကန့်ကွက်နိုင်ခြင်း မရှိခဲ့ပါဘူး။

အခုလို အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေ ကိစ္စနဲ့ပတ်သက်ပြီး ရွှေမြေစက္ကူစက်ရုံတာဝန်ရှိသူတွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ 

အလုပ်သမား သမဂ္ဂခေါင်းဆောင်တဦးကတော့ “အလုပ်ထုတ်တယ်ဆိုတဲ့နေရာမှာ အလုပ်ရှင်ဘက်က ဥပဒေနဲ့အညီ ထုတ်ရမှာလေ။ အလုပ်သမားက ပြစ်မှုကျူးလွန်ခဲ့တာ ရှိလား၊ အဲ့ဒီပြစ်မှုအတွက် သတိပေး ခံထားရလား။ ပြီးတော့ နောက်တကြိမ် ကျူးလွန်ရင် အလုပ်မှ ရပ်စဲ ခံရမယ် ဆိုတာမျိုး သတိပေးခံထားရပြီလား။ ဒီလို ဥပဒေနဲ့ အညီ လုပ်ရမှာလေ။ အခုဟာက တောင်းဆိုလို့ အလုပ်ထုတ်ခံရတယ်ဆိုတာ ဥပဒေထဲမှာ ပြဋ္ဌာန်းမထားဘူးနော်။ အကြောင်းမဲ့ အလုပ်ဖြုတ်တာကတော့ အလုပ်ရှင်က နစ်နာကြေးပေးရမယ်။ အခု အလုပ်ဖြုတ်ခံရတဲ့သူတွေက လုပ်သက်ရင့်ရှိတဲ့ နှစ်ကြီးသမားတွေဆိုတော့ သူတို့ လုပ်သက်နှစ်အလိုက် လျှော်ကြေးပေးရမှာပေါ့။ တခါ အချိန်ပိုတွေ ခိုင်းခဲ့ပြီးတော့ အချိန် ပိုကြေး မပေးခဲ့တာတွေ အဲ့ဒါတွေပါ ထည့်ပေါင်းပေးရမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အလုပ်သမား ဥပဒေအရ အကြောင်းမဲ့ အလုပ်ဖြုတ်ခံရရင် နစ်နာကြေး ပေးရမယ်လို့ ဆိုထားပေမဲ့ အခုလိုခေတ်ဆိုး စနစ်ဆိုးကာလမှာ အလုပ်သမားတွေဟာ ဥပဒေရဲ့ စောင့်ရှောက်မှုအောက်ကနေ ကင်းလွတ်နေရပါတယ်။

အဆိုပါစက်ရုံဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က မိုးဟိန်း အမည်နဲ့ စက္ကူစက်ရုံ ထူထောင်ခဲ့ပြီး စက်ရုံပိုင်ရှင်ဟာ အလုပ်သမားတွေကို အချိန်ပိုကြေး မပေးတာ၊ အလုပ်သမားအခွင့်အရေးတွေကို ချိုးဖောက်ခဲ့တာကြောင့် စက်ရုံအလုပ်သမားတွေနဲ့ ပြဿနာ အကြီးအကျယ် ဖြစ်ပွားခဲ့ရာမှာ အလုပ်သမားတွေအတွက် နစ်နာကြေး ကျပ်သိန်းထောင်နဲ့ချီ လျော်ကြေးပေးခဲ့ရဖူးပါတယ်။

ဒီနောက် စက္ကူစက်ရုံရဲ့ နာမည်ကို ရွှေမြေလို့ အမည်ပြောင်းလဲပြီး ပြန်လည် လည်ပတ်နေတာဖြစ်ပါတယ်။

2 mins Ago
Up