close

အလုပ်သမားအဖွဲ့

close

March 18, 2023

ပန်းရောင်ကတ်အတွက် ကြိုတင်ငွေတောင်း လိမ်လည်မှုများရှိဟု အလုပ်သမားအဖွဲ့များ သတိပေး

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ပန်းရောင်ကတ် (အလုပ်လုပ်ခွင့်လက်မှတ်) ပြုလုပ်ဖို့ ပွဲစားအချို့က ကြိုတင် စာရင်းကောက်တာ၊ ကြိုတင်ငွေ တောင်းခံတာတွေ ရှိနေပြီး ငွေကြေး အလိမ်မခံရအောင် အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေက သတိပေးလိုက်ပါတယ်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ရွှေ့ပြောင်းလုပ်သားတွေအတွက် ထုတ်ပေးတဲ့ ပန်းရောင်ကတ်ကို ထိုင်းအစိုးရ တရားဝင် မထုတ်ပြန်သေးခင် လုပ်သားတွေအနေနဲ့ ငွေကြိုပေးစရာမလိုဘဲ အလိမ်မခံရအောင် MHAC မဟာမိတ်အဖွဲ့ က သတိပေး ပြောဆိုလိုက်တာပါ။

"အဓိကကတော့ ဒီလိုဖြစ်စဉ်တွေဟာ အရင် ပန်းရောင်ကတ်တွေ လုပ်တိုင်းလုပ်တိုင်းမှာ အကြိမ်ကြိမ် ဖြစ်ခဲ့တယ်။ အဲ့လိုပဲ ပန်းရောင်ကတ်လုပ်မယ်လို့ သတင်းလေး နည်းနည်းကြားရင် ကြိုကောက်ထား၊ သူ့ဘာသူ လုပ်ဖြစ်သည်ဖြစ်စေ မလုပ်ဖြစ်သည်ဖြစ်စေ၊ မှန်မှန်ကန်ကန် လုပ်တဲ့ ပွဲစားတွေ ရှိတယ်။ အဲ့လိုပဲ ငွေကြိုကောက်ထားပြီး တကယ်လည်း ပန်းရောင်ကတ်လုပ်ရော ပိုက်ဆံပြန်မပေးတဲ့ ပွဲစားတွေလည်း အင်မတန် များတယ်။ အဲ့လို တိုင်ချက်တွေလည်း ဖုန်းက ကိုင်လို့ မနိုင်အောင် လာကြတယ်။

"အမှန်ဆို ပန်းရောင်ကတ်လုပ်တာက ထိုင်းအစိုးရက အသံလေးထွက်ရုံရှိသေးတယ်။ ပိုက်ဆံတွေ ကြိုကောက်နေကြတာ။ နောက်တချက်က ပန်းရောင်ကတ်လုပ်ဖို့ကို စာရင်းပေးတာ နာမည်စာရင်း ပေးတာကို လက်ခံတယ်။ ငွေကြိုကောက်တာကို လုပ်စရာ မရှိဘူး။ ငွေကြိုပေးတာတွေ၊ အလိမ်ခံရတဲ့ အလုပ်သမားတွေက ခေတ်အဆက်ဆက် ရှိခဲ့တယ်။ လက်တွေ့လည်း ကြုံခဲ့တယ်။ ပန်းရောင်ကတ်ကို ပိုက်ဆံ ကြိုကောက်တာ မှားနေတယ်"လို့ MHAC (Myanmar Humanitarian Action Center) ဥက္ကဋ္ဌ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ ပန်းရောင်ကတ်တွေကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းက ထုတ်ပေးခဲ့တာပါ။ ဒီနှစ်မှာတော့ အသစ်လုပ်ပေးမယ့်အချိန်ကို တရားဝင် မထုတ်ပြန်သေးပေမယ့် ပန်းရောင်ကတ် အသစ် ရိုက်ပေးမယ်ဆိုတဲ့ သတင်းတွေကြောင့် လူမှုကွန်ရက် စာမျက်နှာတွေမှာ ကြိုတင် စာရင်းပေးလို့ရကြောင်း ကြေညာတာတွေ ရှိပါတယ်။

ပုံမှန်အားဖြင့် ပန်းရောင်ကတ် ပြုလုပ်ခဟာ တနှစ်နဲ့ တနှစ် လုပ်ဆောင်ရတဲ့ ပုံစံ၊ ပေးချေရတဲ့ ကုန်ကျငွေ မတူညီဘဲ ထိုင်းအစိုးရ တရားဝင် ကောက်ခံတဲ့ငွေနဲ့ ပွဲစားတွေကို ပေးဆောင်ရတဲ့ ငွေက ၁၀ ဆလောက် ကွာဟတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ ပွဲစားတွေကနေ ကြိုတင်ငွေယူ လိမ်လည်တဲ့ ဖြစ်စဉ်တွေဟာ အဆိုးဝါးဆုံး အခြေအနေကို ရောက်နေပြီး၊ ငွေအလိမ်ခံရရင် သက်သေ အထောက်အထား အပြည့်အစုံရှိမှဘဲ  ထိထိရောက်ရောက် ကူညီပေးနိုင်တာလို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က ပြောပါတယ်။

"ပန်းရောင်ကတ်တွေ ပြုလုပ်တဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ မပြုလုပ်တဲ့အချိန်မှာ ကြိုတင်ငွေယူ လိမ်တာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံမှာ ပွဲစားလိမ်လည်မှုတွေက အဆိုးဝါးဆုံး အခြေအနေရောက်တယ်။ ကျနော်တို့ ထိပ်တိုက် ဖြေရှင်းတဲ့အခါ အောင်မြင်တာတွေ ရှိတယ်။ မအောင်မြင်တာတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို အချက်အလက် အပြည့်အစုံ ရထားမှ အမှုတွေ သွားဖွင့်လို့ရမှာ။"

"ဒါပေမဲ့ ကျနော်တို့ မြန်မာလူမျိုး တော်တော်များများမှာ အချက်အလက် အထောက်အထား အပြည့်အစုံ မရှိလို့ တချို့ ကိစ္စတွေမှာ ထိရောက်စွာ ကူညီနိုင်တာ မရှိပါဘူး။ ကျနော်တို့ဆီ လာအကူညီတောင်းရင် အသေးစိတ်စစ်ရတယ်။ အဲဒီအခါ တင်ပြနိုင်တဲ့ အထောက်အထား ရအောင် တောင်းရတယ်။ အဲဒါတွေ တခုမှ မတင်ပြနိုင်ရင် အောင်မြင်စွာ ဖြေရှင်းဖို့က ခက်တယ်" လို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ပန်းရောင်ကတ် ပြုလုပ်ခ အလုပ်သမားတဦးကို ဘတ် ၁၀၀ နဲ့ အလုပ်လုပ်ကိုင်ခွင့် စာအုပ်အတွက် ဘတ် ၉၀၀ သာ ထိုင်းအစိုးရဆီ တရားဝင် ပေးချေရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ထိုင်းဘတ် ၁ သောင်းခွဲလောက်အထိ ပွဲစားတွေကို ပေးရတယ်လို့ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။

ပန်းရောင်ကတ်ဟာ တနှစ်ကို သက်တမ်း ၂ ကြိမ် တိုးခွင့်ရှိပြီး ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ်နဲ့ အလုပ်လုပ်ကိုင်သူ အလုပ်သမားအရေအတွက် ၇ သိန်း နီးပါးရှိတယ်လို့ သိရပါတယ်။ လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားပေါင်း ၅ သန်းနီးပါး ရှိပြီလို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

49 seconds Ago

August 29, 2022

ထိုင်းတွင် အခြေခံလုပ်အားခတိုးမြှင့်မည့်အပေါ် အလုပ်သမားအဖွဲ့အချို့၏ အမြင်သဘောထား

ထိုင်းနိုင်ငံမှာ လာမယ့်အောက်တိုဘာ ၁ ရက်နေ့ကစပြီး အခြေခံနေ့တွက်လုပ်အားခတွေ တိုးမြှင့်ပေးမယ်လို့  ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

မတူကွဲပြားတဲ့ ခရိုင်တွေရဲ့ လူမှုစီးပွားပုံစံတွေအလိုက် ခရိုင်ပေါင်း ၇၇ ခုမှာ အနိမ့်ဆုံးနေ့တွက် လုပ်အားခ ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းထိ တိုးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ 

ဒါကြောင့် နေ့တွက်လုပ်အားခ အနည်းဆုံး ၃၂၈ ဘတ်ကနေ အများဆုံး ၃၅၄ ဘတ်ထိ ရရှိ မှာဖြစ်သလို အချိန်ပိုလုပ်အားခတွေလည်း တိုးမြင့်လာမှာ ဖြစ်ပါတယ်။ 

အလုပ်သမားအဖွဲ့တွေ တောင်းဆိုထားတဲ့ပမာဏမဟုတ်ပေမယ့် အခုလို တိုးမြှင့်ပေးတာဟာ အလုပ်သမားတွေအတွက် အဆင်ပြေလာမယ်လို့ မျှော်လင့်ကြောင်း မဟာချိုင်အခြေစိုက် MWRN ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ နာယက ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ 

“ပြီးခဲ့တဲ့မေဒေးနေ့မှာ ထိုင်းအလုပ်သမားသမဂ္ဂနဲ့အတူ ကျနော်တို့ သွားတောင်းဆိုခဲ့တာကတော့ ၈ နာရီလုပ်အားခကို ၄၉၂ ဘတ်ပေးဖို့ပေါ့နော်။ ကုန်ဈေးနှုန်းတွေ၊ စားသုံးဆီတွေ၊ လောင်စာဆီတွေ အကုန်တက်လာတဲ့အခါမှာ လက်ရှိဝင်ငွေနဲ့ထွက်ငွေ မမျှတတဲ့အတွက် တိုးပေးဖို့ တောင်း ဆိုထားတာ အစိုးရကလည်း နားလည်လက်ခံတဲ့အကြောင်း ပြောခဲ့တယ်။   သို့သော် သူတို့အနေနဲ့ အဲဒီလောက်ကြီး မတိုးပေးနိုင်တဲ့အတွက်ကြောင့် သင့်တော်တဲ့ လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ အစိုးရတာဝန်ရှိသူတွေ ညှိနိုင်းဆွေးနွေးဆုံးဖြတ်လိုက်တာပေါ့နော်။ အဆင်ပြေသလားဆိုတော့ ကျ နော်တို့မဟာချိုင်က  မူလ ၃၃၀ ကနေ ၃၅၃ ဘတ်၊ ပြီးတော့ အိုဗာတိုင်းကြေးတွေပါ လိုက်တက်မယ်ဆိုတော့ သူဟာနဲ့သူ ဝင်ငွေထွက်ငွေ မျှတသွားမယ်လို့ သုံးသပ်ပါတယ်ခင်ဗျ။”

မဲဆောက်အခြေစိုက် မြန်မာနိုင်ငံသားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုး ကတော့ အခုလို အနည်းငယ်တိုးပေးတဲ့အပေါ်ကြိုဆိုပေမယ့် ထိုင်းလူမျိုးတွေနဲ့ စာလိုက်ရင် တရားမျှတမှုတော့ မရှိသေးပါဘူးလို့ ပြောပါတယ်။ 

“အနိမ့်ဆုံးလုပ်အားခတိုးမြှင့်ပေးတာတော့ ကြိုဆိုပါတယ်။ သို့သော် ပြောစရာတခုတော့ရှိ ပါတယ်ခင်ဗျ။ လာမယ့် ၂၀၂၃ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီးတော့ ထိုင်းအလုပ်သမားတွေကို အနိမ့် ဆုံးလုပ်အားခ ၄၅၀ ဘတ်ကနေ ၆၅၀ ဘတ်အထိ တိုးမြှင့်ပေးမှာဖြစ်တယ်။  အဲဒါဆိုရင် ကျနော်တို့ မေးစရာရှိတာက ထိုင်းနိုင်ငံရဲ့ 4 D ( Dificult/ Dirty /  .Dangerous/  .Discipline) လို့ခေါ်တဲ့ ညစ်ပတ်ပေရေတဲ့အလုပ်၊ ခက်ခဲကြမ်းတမ်းတဲ့အလုပ်၊ အန္တရာယ်ရှိတဲ့အလုပ်၊ စည်ကမ်းတင်းကျပ်တဲ့အလုပ် ဒီအလုပ်တွေကို လုပ်ပေးနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကကော ထိုင်းအလုပ်သမားများနည်းတူ တန်းတူညီမျှအခွင့်အရေးမရသင့်ဘူးလား၊  ထိုင်းနိုင်ငံသားတွေ မလုပ်ချင်၊ မလုပ်လို၊ ရှောင်လွှဲနေတဲ့ အဲဒီအလုပ်တွေကို  လုပ်အားနဲ့ ပေးဆပ်နေတဲ့ ပိုပြီးတော့ စာနာနားလည်ပြီး တန်းတူအခွင့်အရေး မပေးသင့်ဘူးလားဆိုတဲ့ မေးခွန်းကတော့ ကြီးကြီးမားမား ထုတ်စရာရှိပါတယ်ခင်ဗျ။”

ချင်းမိုင်မှ ဆောက်လုပ်ရေးလုပ်သား ၁ ဦးဖြစ်သူ စိုင်းထွန်းကတော့ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေ နဲ့ အိမ်ကိုငွေပို့ရတာ ဘယ်လောက်ရှာရှာ မလောက်ပါဘူးလို့ ပြောပါတယ်။ 

“ကျနော်ကတော့ ပန်းရန်လိုက်လုပ်တာ ၁ နေ့ ဘတ် ၅၀၀ ရတယ်၊ အလုပ်မဆင်းရင်တော့မရဘူး။ အခုက လက်မှတ်သက်တမ်းတိုးရတာနဲ့၊ အရင်က ထိုင်းလာဖို့အကြွေးယူထားတာ ပြန်ဆပ်ရတာနဲ့၊ အိမ်ကို ပြန်ပို့ရတာနဲ့ မလောက်မငပါဘဲ။  အိမ်မှာ အမေလည်းနေမကောင်းဘူး၊ မောင်လေး ညီမလေးလည်း အလုပ်မလုပ်နိုင်သေးဘူး။ အရင်နှစ်က တလ ၂ သိန်းပို့တယ်၊ အခု အခြေအနေက ၃ သိန်းပို့တာတောင် မလောက်ဘူး၊ မြန်မာပြည်မှာနေပြီး အလုပ်မရှိတာထက်စာရင်တော့ တော်သေး တာပေါ့။”

လာမယ့်အောက်တိုဘာ ၁ ရက် အနိမ့်ဆုံးလုပ်အားခ အများဆုံးရတဲ့ခရိုင်မှာ ချွန်းပူးရီး၊ လယောင်း၊ ဖူးကက် ၃၅၄ ဘတ်ဖြစ်ပြီး  အနည်းဆုံးကတော့ ယလား၊ ပတ္တနီ၊ နာရာသီဝပ်၊ ဥဒွန်းဌာနီ၊ နန့်ခရိုင် ၃၂၈ ဘတ်ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံသားတွေ အများဆုံးဝင်ရောက်လုပ်ကိုင်တဲ့ တာ့ခ်၊ ချင်းရိုင်း နဲ့ ရနောင်းမှာ ၃၃၂ ဘတ်၊ ဘန်ကောက်၊ စမွတ်စခွန်း၊ စမွတ်ပရကန်၊ နခွန်းပထုန်စတဲ့ခရိုင်မှာ ၃၅၃ ဘတ်၊ ချင်းမိုင် ၃၄၀ ဘတ် နဲ့ ကန်ကျနပူရီ ၃၃၅ ဘတ်တို့ ဖြစ်ပါတယ်။ 

လာမယ့် ဇန်နဝါရီလမှာ ဘတ် ၄၅၀ ကနေ ၆၅၀ ထိ တိုးမြှင့်ပေးမှာကတော့ ဉာဏ်အားနဲ့ ကျွမ်းကျင်မှုပေါ်မူတည်တဲ့ စက်မှုလက်မှုလုပ်ငန်း၊ ကျောက်မျက်ရတနာ ထွင်းထုလုပ်ငန်း၊ ပန်းတိမ် လုပ်ငန်း၊ ဆံသလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ရိုးရာအကြောပြင်အနှိပ်လုပ်ငန်း၊ ဆံပင်ညှပ်ပုံသွင်း လုပ်ငန်း၊ မုန့်ဖုတ်လုပ်ငန်း၊  ဧည့်ကြိုလုပ်ငန်း၊ သက်ကြီးရွယ်အိုစောင့်ရှောက်လုပ်ငန်း စတဲ့အ လုပ်တွေ ပါဝင်ပါတယ်။ 

7 months Ago
Up