close

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ

close

June 14, 2021

အလုပ်သမားအရေးလှုပ်ရှားသူ ဦးသက်နှင်းအောင်၏ နေအိမ်ကို စစ်တပ်က တံခါးဖျက် ဝင်ရှာ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်လောင်းကျေးရွာရှိ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးသက်နှင်းအောင်ရဲ့ နေအိမ်ကို ဇွန်လ ၁၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေ လာရောက် ရှာဖွေခဲ့တယ်လို့ ဦးသက်နှင်းအောင်က ပြောပါတယ်။

ဦးသက်နှင်းအောင်ကတော့ နဂိုကတည်းက တခြားနေရာမှာ နေထိုင်နေတာဖြစ်ပြီး စစ်ကောင်စီတပ်တွေဝင်ရှာတဲ့ နေအိမ်မှာ လူနေထိုင်မှု မရှိဘူးလို့ သိရပါတယ်။

အရပ်ဝတ်တွေ အပါအဝင် စစ်သားနဲ့ရဲ အယောက် ၆၀ လောက်က  ညနေ လေးနာရီလောက်မှာ စစ်ကား ၁၀ စီးလောက်နဲ့ လာရောက်ပြီး ခြံဝင်းကို ပိတ်ထားတဲ့ သော့ကို ဖျက်ကာ နေအိမ်ကိုပါ သော့ဖျက်ပြီး ဝင်ရောက်ရှာဖွေ‌ခဲ့ကြတယ်လို့ သိရပါတယ်။

“ကျနော်က အခုအချိန်အထိ စစ်ကောင်စီကနေ အမှုဖွင့်ခံထားရတဲ့ အထဲမှာလည်း မပါဘူးပေါ့လေ၊ နောက် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံထားရတဲ့ထဲမှာလည်း မပါဘူး။ ဒီလို မပါဘဲနဲ့ အခုလိုမျိုး အိမ်တံခါးကို ဖျက်ပြီးတော့မှ ဝင်တယ်ပေါ့နော်။ ဘာပစ္စည်းတွေ ပါသွားမလဲဆိုတာတော့ မသိရသေးဘူးပေါ့။ အိမ်မှာလည်း လူမရှိတော့လေ၊အဲ့ဒီတော့ အခုလိုမျိုး ဥပဒေမဲ့ အိမ်တံခါးဖျက်ပြီးတော့မှ ကျူးကျော်ဝင်ရောက်ပြီးမှ ရှာတာဖွေတာတွေ၊နောက် ဒီလိုမျိုး လုပ်တာတွေကတော့မလုပ်စေချင်ဘူးပေါ့နော်”လို့ ဦးသက်နှင်းအောင်က ပြောပါတယ်။

အိမ်တစ်အိမ်ကို ဥ‌ပဒေမဲ့ ကျူးကျော်ဝင်ရောက်တဲ့ ခုလိုမျိုးလုပ်ရပ်ဟာ အင်မတန်မှ စစ်ကောင်စီ အနေနဲ့ သိက္ခာကျတဲ့လုပ်ရပ်ဖြစ်တယ်၊  စစ်ကောင်စီအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို လုပ်ချင်သလိုလုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်ပြီး စိစစ်ဖို့လိုပြီလို့လည်း  ဦးသက်နှင်းအောင်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တခြားနေရာက ယူဆောင်လာတဲ့ လေးခွနဲ့ ဂျင်ကလိတွေကို ဦးသက်နှင်းအောင်ရဲ့ နေအိမ်အတွင်း ချထားပြီး ဓာတ်ပုံ ရိုက်ယူသွားတယ်လို့လည်း သိရပါတယ်။

ဦးသက်နှင်းအောင်ဟာ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို အခုအချိန်ထိ ထမ်းဆောင်နေဆဲဖြစ်ပြီး အလုပ်သမားအရေးမှာ တက်တက်ကြွကြွပါဝင်သူလည်းဖြစ်ပါတယ်။ 

ဓာတ်ပုံ-ဦးသက်နှင်းအောင်ဖေ့စ်ဘွတ်ခ်

12 hours Ago

April 15, 2021

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ STUM ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးကို စစ်တပ်က ဖမ်းဆီး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက်  အလုပ်သမားအရေး ကူညီဆောင်ရွက်နေပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ဧပြီ ၁၅ ရက် ဒီနေ့ နေ့ခင်းပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

ဒေါ်မျိုးမျိုးအေးကို ရွှေပြည်သာမြို့နယ် နဝရတ်ဈေးမှတ်တိုင်အနီးက သူ့ရုံးခန်းမှာ စစ်ကား ၄ စီး လူအင်အား ၄၀ လောက်နဲ့  ဝင်ရောက်ဖမ်းဆီးတာဖြစ်ပါတယ်။

သူ့ရဲ့ ရုံးဝန်ထမ်းတွေရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းသွားပြီး ရုံးက ပစ္စည်းတွေကိုတော့ ဖျက်ဆီးတာမျိုးမရှိဘူးလို့ သိရပါတယ်။

အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားဆောင်ရွက်နေသူ ဒေါ်မျိုးမျိုးအေးဟာ STUM ရဲ့ အစီအစဉ်ဒါရိုက်တာဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူ့ရဲ့အဖွဲ့အစည်းဟာလည်း စစ်ကောင်စီ အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီက ကတည်းက အလုပ်သမားတွေနဲ့အတူ ဆက်တိုက် သပိတ်မှောက်ခဲ့တဲ့  အဖွဲ့အစည်းဖြစ်ပါတယ်။

2 months Ago
Up