close

အလုံတပ်မြို့

close

December 10, 2021

အလုံတပ်မြို့တွင် ပြည်သူနှစ်ဦး ပစ်ခတ်ခံရ၊ ဒီပဲယင်း နဂါးတွင်းရွာအတွင်း စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း အလုံတပ်မြို့ ချင်းတွင်းတံတားတောင်ဘက် ရွှေစိတ်ကြည်ရပ်ကွက်က ပြည်သူနှစ်ဦးကို ဒီဇင်ဘာ ၉ ရက်နေ့ ညနေမှာ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်နေပြည်သူတစ်ဦးက “ပထမက ကျမတို့အလုံရပ်ကွက်ထဲကို ညနေ ၃ နာရီခွဲအချိန်က စစ်ကောင်စီက ရှာဖွေတာတွေ လုပ်တယ်။ အဲလိုရှာဖွေပြီး ညနေ ၄ နာရီခွဲ အချိန်လောက်မှာ ချင်တွင်းတံတား ငွေကောက်တဲ့ တိုးဂိတ်မှာ ပေါက်ကွဲမှုဖြစ်သွားတယ်။ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာတော့ မသိဘူး။ သူတို့ကို အဲလိုဖောက်ခွဲခံရလို့ တံတားပေါ်ကနေ ရပ်ကွက်တွေထဲ လက်နက်နဲ့ ရမ်းပစ်သွားတာ။ အဲလိုပစ်လို့  ရွေဆိတ်ကြည်ရပ်ကွက်က ခန်မှန်းအသက် ၆၀ အမျိုးသားတစ်ဦး လက်မောင်းကျည်ထိမှန်တယ်။ နောက်တော့ အသက် ၃၀ ဝန်းကျင်လောက် အမျိုးသမီးတစ်ဦး ပုခုံး ကျည်ထိမှန်ခဲ့တာတွေ ရှိခဲ့တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ဒုန်းတောကျေးရွာက အပြစ်မဲ့ရွာသား ၁၅ ဦးထက်မနည်းကိုလည်း စစ်ကောင်စီက မီးရှို့သတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေက နယ်မြေစိုးမိုးမှု ရနိုင်အောင် စစ်အင်အားအလုံးအရင်းနဲ့ ကြိုးစားနေပေမဲ့ စိုးမိုးမှုမရဘဲဖြစ်နေတာကြောင့် ပြည်သူတွေ ကြောက်လန့်သွားအောင် ဖမ်းဆီးသတ်ဖြတ်တာနဲ့ နေအိမ်တွေ မီးရှို့တာတွေ လုပ်ဆောင်နေတာလို့ မုံရွာမြို့နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် နဂါးတွင်းရွာအတွင်းမှာလည်း စစ်ကောင်စီတပ်က ဒီဇင်ဘာ ၉ ရက်နေ့ ညနေ‌ ၄ နာရီလောက် မီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ မျက်မြင် ရွာသားတွေက ပြောပါတယ်။

နဂါးတွင်းရွာသားတစ်ဦးက “မီးခိုတွေကတော့ ရွာအတွင်းက ထွက်နေတာတော့ အတိုင်းသား မြင်နေရတာပဲဗျ။ ဘာတွေရှို့နေတယ်လို့တော့ အတိအကျမပြောနိုင်သေးဘူး။ သူတို့က ဒီဇင်ဘာ ၈ ရက်နေ့ညကတည်းက ကျနော်တို့ကျေးရွာအတွင်းကို တပ်စွဲတာတွေလုပ်တယ်။ အဲလိုလုပ်လို့ ရွာသားတွေက ဘေးလွတ်ရာကို ရွာလုံးကျွတ်ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။

နဂါးတွင်းကျေးရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီ ငွေကြေးချမ်းသာတဲ့ ကျေးရွာတစ်ရွာဖြစ်တာကြောင့် စစ်ကောင်စီတပ်က  အကြိမ်ကြိမ်ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေကာ ပစ္စည်းတွေယူနေကြတယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြိုနယ်အတွင်း စစ်ကောင်စီတပ်ဘက်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး အကြမ်းဖက်ရှင်းလင်းတာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံရွာသား ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေဆီက သိရပါတယ်။

ပုံနှစ်ပုံဟာစစ်ကောင်စီဘက်ကပစ်ခတ်တဲ့ ကျည်အပိုင်အစတွေဖြစ်ပါတယ်။

3 mins Ago

September 20, 2021

မုံရွာ၊ အလုံတပ်မြို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဓားထိုးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံတပ်မြို့၊ ကင်းချောင်းရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးဟာ သူ့ရဲ့နေအိမ်အတွင်း ဒီနေ့ စက်တင်ဘာ ၂၀ ရက်‌နေ့ ညနေ ၄ နာရီခွဲလောက်က ဓားနဲ့ အထိုးခံရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

မျက်မြင်ဒေသခံတစ်ဦးက  “ ဒီလူက ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်သလို လက်ရှိအချိန်အထိ အုပ်ချုပ်ရေးမှူးတာဝန်ရပ်နားတာ မလုပ်ဘူး။ နောက်ပြီး ဈေးဝယ်ထွက်ကတ်တွေ အလုံမြို့ပေါ်မှာ သူကထုတ်ပေးနေတာ။ ပထမသေနတ်နဲ့ထုတာ။  မိုးရွာနေတော့ သေနတ်က မီးမကူးဘဲ ကျည်က မထွက်တာနဲ့ ဓားနဲ့ အထိုးခံလိုက်ရတာ။ သေမလားရှင်မလားတော့မသိဘူး” လို့ ပြောပါတယ်။

အခင်းဖြစ်ပွားပြီးနောက် စစ်တပ်နဲ့ရဲတွေရောက်လာပြီး အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးကို  နမခ စစ်ဆေးရုံကို ခေါ်ဆောင်သွားပါတယ်။

ဦးမြင့်စိုးဟာ  လူငယ်တွေရဲ့ သပိတ်မှောက် ဆန္ဒပြပွဲတွေအပါအဝင် လှုပ်ရှားမှုတွေကို စောင့်ကြည့်ကာ စစ်ကောင်စီကို သတင်းပေးတိုင်ကြားတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

3 months Ago
Up