close

အလုံမြို့နယ်

close

April 29, 2023

စစ်ကိုင်းတိုင်း ဖေါင်းပြင်မြို့နယ်၌ တိုက်ပွဲဖြစ်ပွား၊ အလုံမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် ဆည်ချောင်းရွာမှာ ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်းက စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ဒေသခံအမျိုးသားတစ်ဦးက "စစ်တပ်နဲ့ PDF မနက်အစောပိုင်းတိုက်ပွဲဖြစ်ပွားတယ်။ ၁၁ နာရီလောက်မှာ တိုက်ပွဲပြီးသွားတယ် (စခ..)နဲ ပျူ ၆ ‌ယောက်သေတယ်။ ဆည်ချောင်းရွာက ရွာခံတွေနဲ့ အနီးနားကရွာကပြည်သူတွေ စစ် ဘေးရှောင်နေကြရတယ် PDF ဘက်က တယောက်ထိတယ် " လို့ ပြောပါတယ်။

ဧပြီလ ၂၉ ရက် ဒီမနက်ပိုင်းအချိန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဟုမ္မလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲကင်းစခန်း ၄ ခုကိုဝင်ရောက်တိုက်ခိုက်ရာ ရဲစခန်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ကလည်း  တံတားဦးလေဆိပ်ကနေ YAK-130 နဲ့တက်လာပြီး မနက် ၈ နာရီခွဲလောက်မှာ လေကြောင်းပစ်ကူနဲ့ ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ ကနဦးသိရပါတယ်။

စစ်ကိုင်းတိုင်း၊ အလုံမြို့နယ်၊ ဖန်းခါးကျင်းရွာအနီးမှာ ဧပြီ ၂၈ ရက် ညနေ ၅ နာရီခွဲလောက်က စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဘုတလင်မြို့ကနေ ဒီနေ့မနက်ပိုင်းက စတင်ထွက်ခွာလာပြီး မုံရွာ နမခစစ်တပ်ကို ပြန်တဲ့စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဖန်းခါးကျင်းရွာသားတဦးက  “စစ်ကြောင်းထွက်ကတည်းက တအုန်းအုန်းပစ်နေကြတာပဲ။ စစ်ကြောင်းလာတိုင်း ပြေးရတာတော့အမောပဲ။ နေကပူပူနဲ့ ရေကငတ်သေး။ ဒီလောက်ပြည်သူတွေ ဒုက္ခရောက် သေကျေနေတာ နှစ်ဖက်လုံး မလျှော့ကြသေးဘူးလား။ ပြည်သူတွေ အကုန်သေမှ ညှိနှိုင်းတာတွေလုပ်ကြတော့မှာလား။ အခုလည်း ကျနော်တို့ရွာမြောက်ဘက် စစ်ကြောင်း မရောက်ခင်ကတည်းက တဖက်က ပြင်စဉ်တာတွေလုပ်ပြီးပစ်ခတ်တယ်။ ကိုယ်တွေကတော့ တိုက်ပွဲဖြစ်တော့မယ်ဆိုတာသိလို့ ကလေးပါမကျန် အကုန်ခေါ်ပြီး ထွက်ပြေးရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့နယ် ညောင်ပင်ကန်ရွာအနီးမှာလည်း ဧပြီ ၂၈ ရက် မနက် ၇ နာရီကျော်လောက်က တကြိမ် မိုင်းဆွဲခံခဲ့ရတယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ချင်းတွင်းဘရားသားချင်းတွင်းအဖွဲ့ခေါင်းဆောင်က “တိုက်ပွဲက ညနေ ၅ နာရီ နဲ့ မိနစ် ၄၀ က မိုင်းဆွဲခဲ့တာဗျ။ မိုင်းကရှေ့ထွက်မိုင်း ၃ လုံးထောင်ပြီး မိုင်းဆွဲခဲ့တာ။ တလုံးကွဲပြီး ၂ လုံးကမကွဲဘူး။ တလုံးကွဲတာက စခ ၄ ကောင် နေရာတင် တုံးလုံးပက်လက်ပဲဗျ။ ၄ကောင်ကတော့ သေချာပေါက်သေတယ်။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို ချင်းတွင်းဘရားသားအဖွဲ့နဲ့ ဒေသခံအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်တာလို့ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးအရေအတွက်ကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။

8 mins Ago

February 2, 2023

အလုံမြို့နယ်တွင် လမ်းဖြတ်ကူးသည့် အဘွားအို ၁ ဦး YBS တိုက်ခံရ

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမ၊ ဆင်မင်းဈေးကားမှတ်တိုင်မှာ ဖေဖော်ဝါရီ ၂ ရက် ဒီနေ့ မွန်းလွဲ ၁၂ နာရီကျော်က  လမ်းဖြတ်ကူးတဲ့ အသက် ၈၀ အရွယ် အဘွားအိုတဦးကို YBS ၈၉ က တက်ကြိတ်ခဲ့ပြီး အဆိုပါ YBS ယာဉ်မောင်း ထွက်ပြေးသွားတယ်လို့ အနီးအနားနေသူတွေဆီက သိရပါတယ်။

ကြီးလေးကြီးလူမှုကူညီရေးအသင်းက “တိုက်မိတဲ့လူနာက အသက် ၈၀ ရှိပြီ။ တွေ့လိုက်ရတာကတော့ အဘွားက ‌ကားအောက်ထဲ ရောက်နေပြီ။ အနီးအနားကလူတွေ ပြောတာကတော့ ကားလမ်းဖြတ်ကူးတဲ့အချိန်မှာ တိုက်မိပြီး လဲကျသွားတာ။ အဲ့ဒီမှာ ကားသမားက မသိဘဲနဲ့ ဘီးကို ဆက်လှိမ့်လိုက်တဲ့အချိန်မှာ ဖြစ်သွားတာပေါ့။ လူနာကို ကား‌ပေါ်တင်ပြီး ဆေးရုံသွားတဲ့အချိန်မှာ ကားသမားက ရှိသေးတာပေါ့။ ရပ်ကွက်က လူတွေကို ထိန်းသိမ်းဖို့ပြောထားပြီး ပြန်ခဲ့တာ။ ကျနော်တို့ ဖြစ်ခဲ့တဲ့နေရာကို ပြန်ရောက်တော့ မော်တော်ပီကယ်တွေ ရောက်နေတယ်၊ အဲ့ကျမှ ယာဉ်မောင်းက ထွက်ပြေးသွားမှန်းသိတာပါ” လို့ ‌ပြောပါတယ်။

အဆိုပါယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ကားက သာကေတနဲ့ ကြည့်မြင်တိုင် ‌ပြေးဆွဲနေတဲ့ ယာဉ်လိုင်းလို့ သိရပြီး ကြည့်မြင်တိုင်ကနေ ဆူးလေဘက် ‌ပြေးဆွဲတဲ့လမ်းမှာ ဖြစ်ပွားခဲ့တာပါ။

တိုက်မိချိန်က အဘွားအိုဟာ YBS ကားအရှေ့ကနေ လမ်းဖြတ်ကူးနေတာဖြစ်ပြီး ကားသမားက ခရီးသည်အဆင်းဘေးပေါက်ကို ကြည့်နေခဲ့ရာက ပြန်အထွက်မှာ တိုက်မိတာလို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။

လက်ရှိအချိန်မှာ လူနာအဘွားအိုကို ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ထားပြီး ကားရှေ့ဘီး ကြိတ်မိတဲ့အရှိန်နဲ့ အဘွားအိုရဲ့ ညာဘက်ပေါင်က အရိုးပေါ်တဲ့အထိ စုတ်ပြဲသွားတယ်လို့ သိရတဲ့အပြင် မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ရပြီလို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားလို့ ထွက်ပြေးသွားတဲ့ ယာဉ်မောင်းကို လိုက်လံစုံစမ်းနေတယ်လို့ သိရပြီး အဆိုပါယာဥ်လိုင်းက တာဝန်ရှိသူတွေကို ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

3 months Ago
Up