ယူကရိန်းတပ်တွေ ပြန်တွန်းလှန်မှုကြောင့် ရုရှားကျူးကျော်စစ်သားတွေ မြောက်ပိုင်းမှာ ဆုတ်ခွာသွားပေမဲ့ မိုင်းတွေထောင်ခဲ့တယ်လို့ ယူကရိန်းသမ္မတဇလန်းစကီးက ပြောပါတယ်။
ကိယက်ဗ်မြို့တော်အနီး မြို့နယ်နဲ့ ကျေးရွာ ၃၀ ကျော်လောက်ကို ယူကရိန်းတပ်တွေ ပြန်ထိန်းချုပ်နိုင်ခဲ့ပါပြီ။
ဒါပေမဲ့ ရုရှားတို့က ရုရှားစကားပြောလူမျိုးတွေရှိတဲ့ အရှေ့ဘက်ဒေသကို ပိုမို အာရုံစူးစိုက်ဖို့ ကိယက်ဗ်မြို့ဝန်းကျင်မှာ စစ်ရေးလျှော့ချလိုက်တာလို့ ကြေညာပါတယ်။
ဇလန်းစကီးက “မြောက်ဘက်မှာ ကျူးကျော်သူတွေ ဆုတ်ခွာနေပါပြီ။ နှေးပေမဲ့ သိသိသာသာ လျော့ကျသွားပါတယ်။ တချို့နေရာတွေမှာလည်း သူတို့ အလူးအလဲ ခံနေရတယ်။ သူတို့ ခြေကုပ်ယူလို့ မရတော့ပါဘူး။ ဒါပေမဲ့ အိမ်တွေ အဆောက်အအုံတွေနဲ့ တချို့အလောင်းတွေ အောက်မှာ မိုင်းတွေ ထောင်ခဲ့တယ်” လို့ ပြောပါတယ်။
ဇလန်းစကီးရဲ့ စွပ်စွဲမှုကို ရုရှားကာကွယ်ရေးဌာနက မတုံ့ပြန်ပါဘူး။ ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေးဌာနက ကိယက်ဗ်ဒေသဟာ လွတ်မြောက်သွားပြီဆိုပေမဲ့ သတိထားကြဖို့ လူထုကို သတိပေးပါတယ်။
စနေနေ့ တရက်ထဲမှာပဲ မြို့တော်မြောက်ပိုင်း ပေါက်ကွဲစေတဲ့ပစ္စည်း ၁၅၀၀ ကျော် ရှာဖွေတွေ့ရှိတယ်လို့ ပြောပါတယ်။
ကိယက်ဗ်မြို့တော် ဒေသအနီးတဝိုက်မှာ ရုရှားတပ်တွေ နောက်ဆုတ်ခွာသွားပြီးနောက် ချာနီဟစ်ဗ်မြို့ကို ယူကရိန်းတပ်တွေ ဧပြီ ၂ ရက်နေ့က ကင်းလှည့်နေပါတယ်။
မြောက်ပိုင်းကိယက်ဗ်နဲ့ ချာနီဟစ်ဗ်တို့မှာ အခြေမလှတော့တဲ့ ရုရှားတပ်တွေဟာ ယူကရိန်း အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေ ပြန်စဖို့ စုစည်း အားယူနေတာပါ။
ရုရှားတပ်တွေ ခဏတာ သိမ်းပိုက်ခဲ့တဲ့ ချာနီဟစ်ဗ်မြို့ကို ယူကရိန်းတပ်တွေ ပြန်ဝင်လာတော့ ဒေသခံတွေက အားတက်သရော ကြိုဆိုခဲ့တာပါ။
ယူကရိန်းတပ်တွေက ကိယက်ဗ်ဒေသဝန်းကျင်ရှိ မြို့ ၃၀ လောက်ကို ပြန်သိမ်းပိုက်နိုင်ခဲ့ပေမဲ့၊ ရုရှားတို့က မိုင်းတွေ ထောင်ခဲ့တာကြောင့် သတိထား နေရပါတယ်။