close

အလွတ်တန်းသတင်းထောက် မသူဇာ

close

September 5, 2021

ရန်ကုန်မြို့က အလွတ်တန်းသတင်းထောက် မသူဇာ ဖမ်းဆီးခံရ

အဆက်သွယ်ပြတ်တောက်နေတဲ့ ရန်ကုန်မြို့က အလွတ်တန်း သတင်းထောက် မသူဇာ ဖမ်းဆီးခံထားရတယ်လို့  မိသားစုဝင်တွေက စက်တင်ဘာလ ၅ ရက်နေ့မှာ အတည်ပြု ပြောပါတယ်။

အလွတ်တန်းသတင်းထောက် မသူဇာဟာ စက်တင်ဘာလ ၁ ရက်နေ့က အိမ်ကထွက်သွားပြီးနောက်ပိုင်း အဆက်သွယ်ပြတ်တောက်သွားခဲ့ကာ ဖမ်းဆီးခံခဲ့ရတာလို့ ရန်ကုန်မြို့ခံသတင်းထောက် ၁ ဦးကပြောပါတယ်။

"သူနဲ့အဆက်အသွယ်မပြတ်ခင်အထိ သူ့အမျိုးသားနဲ့ ၂ နာရီလောက်ထိ ဖုန်းပြောရတယ်လို့ ကျနော်ကိုပြောတယ်။ အဲ့နောက်ပိုင်း ဖုန်းပိတ်သွားတာ နောက်နေ့ဖုန်းပြန်ပွင့်တော့ ကျနော်တို့လိုက်ဆက်တာ မကိုင်ဘူး။ ဒီနေ့မနက်တော့ သူ့အမျိုးသားက ပြောတယ် သူ့အမျိုးသမီး အဖမ်းခံလိုက်ရပြီဆိုတာ''လို့ ပြောပါတယ်။

လတ်တလော သတင်းထောက်မသူဇာကို စစ်အုပ်စုက ဘယ်စစ်ကြောရေးမှာ ဖမ်းထားတယ်၊ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။ 

သတင်းထောက် မသူဇာရဲ့ နေအိမ်ကို  ပြီးခဲ့တဲ့ မေလအတွင်းက အကြမ်းဖက်စစ်တပ်နှင့်ရဲအင်အား ၄၀ လောက်နဲ့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ပေမဲ့ မသူဇာက နေအိမ်မှာမရှိလို့  လွတ်မြောက်ခဲ့ပြီး သူရဲ့အမျိုးသားကတော့ ဖမ်းဆီးခံခဲ့ရာကာ ၅ ရက်လောက်အကြာမှာ ပြန်လွတ်လာခဲ့ပါတယ်။

အလွတ်တန်းသတင်းထောက် မသူဇာဟာ မော်ဒန်ဂျာနယ်၊ ဧရာဝတီ သတင်းဌာန၊ RFA သတင်းဌာန၊ 7 Day သတင်းဌာန၊ Friday Time ဂျာနယ်တို့မှာ သတင်းထောက်အလုပ်လုပ်ခဲ့တဲ့ လုပ်သက် ၁၄ နှစ်နီးပါးရှိ ဝါရင့် သတင်းထောက်ဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီအကြမ်းဖက်အဖွဲ့က သတင်းသမား အယောက် ၅၀‌ ကျော်ကိုဖမ်းဆီးထောင်ချခဲ့ပြီး တချို့ ပြန်လွတ်လာပေမဲ့ အယောက် ၃၀ ကျော် ဆက်လက်ဖမ်းဆီးခံနေရတယ်လို့ နယူးယောက်အခြေစိုက် သတင်းသမားများကာကွယ် စောင့်ရှောက်ရေးကော်မတီ (CPJ) က ထုတ်ပြန်ထားပါတယ်။ 

5 mins Ago
Up