စစ်ကိုင်းတိုင်းက စစ်ဘေးသင့်ပြည်သူတွေအတွက် ကူညီပေးဖို့ ဂျပန်နိုင်ငံရောက် Beyond the Chindwin Organization (B.C.O) အဖွဲ့ဝင်တွေက ဧပြီ ၃၀ ရက်မှာ ဂျပန်နိုင်ငံ၊ အုအဲနိုပန်းခြံရှေ့မှာ အလှူငွေကောက်ခံခဲ့ရာမှာ ဂျပန် ယန်းငွေ ၁၂၂၉၈၈ လက်ခံ ရရှိခဲ့ပါတယ်လို့ BCO အဖွဲ့က ထုတ်ပြန်ပါတယ်။
အလှူငွေတွေကို စစ်ကိုင်းတိုင်းက စစ်ဘေးသင့်ပြည်သူတွေကို တိုက်ရိုက်ပေးပို့ကူညီ လှူဒါန်းသွားမယ်လို့ BCO ဂျပန် တာဝန်ခံ မအိတုန်ကပြောပါတယ်။
“အဓိက လုပ်ဖြစ်တာက ၅/ ပေါ့နော်။ ဘာကြောင့်ဆို စစ်ကိုင်းတိုင်းက အများဆုံး စစ်ဘေးခံနေရတာရယ်၊ ကျနော်တို့ အဖွဲ့မှာ ၅/ က များတာရယ် ကြောင့်ပါ။ ယနေ့ အလှူခံ ရရှိငွေကတော့ ပျမ်းမျှ မြန်မာငွေ ကျပ် ၂၅ သိန်းနဲ့ ၂၆ သိန်းကြား ရှိပါတယ်။”
BCO ကို ဖွဲ့စည်းတည်ထောင်တာ တစ်လလောက်ပဲ ရှိပြီး စစ်ကိုင်းတိုင်းမှာလည်း BCO ရဲ့ မြေပြင်အဖွဲ့ရှိတာကြောင့် မြေပြင်ကို ကျပ် ၁၅ သိန်း ပေးပို့လှူဒါန်းထားပြီးကြောင်း၊ ရှေ့ဆက်ပြီး လုပ်ဆောင်သွားကြဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
အခုနှစ် ဧပြီလဆန်းပိုင်းကမှ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ Beyond The Chindwin Organization (BCO)အဖွဲ့အနေနဲ့ ဧပြီ ၁၆ ရက်က အုအဲနိုပန်းခြံရှေ့၊ ဧပြီ ၂၃ ရက်မှာ အိခဲဘုခုရို ဘူတာရှေ့တို့မှာ အလှူခံခဲ့ဖူးပြီး အခု ဧပြီ ၃၀ ရက်မှာတော့ တတိယအကြိမ်ဖြစ် အုအဲနိုပန်းခြံရှေ့မှာ အလှူခံခဲ့ကြတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ပဇီကြီးကျေးရွာက ကျန်ရစ်သူ မိသားစုဝင်တွေအတွက် အရေးပေါ်လိုအပ်နေတဲ့ ကုသရေးနဲ့ စစ်ရှောင်နေထိုင်ရေးအတွက် Myanmar Defense Force -MDF တပ်ရင်းကန့်ဘလူအခြေစိုက် MDF-ကန့်ဘလူစွန်ရဲတပ်ဖွဲ့က ကျပ်သိန်း ၈၀ ပထမအကြိမ် သွားရောက် ထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Myanmar Defense Force -MDF တာဝန်ရှိသူတဦးက "အပြစ်မဲ့ပြည်သူတွေများစွာ ကျဆုံးသွားတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ ဒါ့ကြောင့် တော်လှန်ရေးအင်အားစုအတွက် လှူဒါန်းထားတဲ့ ရန်ပုံငွေ တချို့တစ်ဝက်နဲ့ ပြည်တွင်းပြည်ပက ပေးပို့လာတဲ့ အလှူရှင်တွေကိုယ်စား ပေါင်းပြီးသွားလှူဒါန်းခဲ့တာပါ”လို့ ဆိုပါတယ်။
ဆက်လက်ပြီး Myanmar Defense Force အနေနဲ့ ပဇီကြီးနယ် စစ်ရှောင်ပြည်သူတွေ လိုအပ်နေတဲ့ သောက်သုံးရေ ရရှိရေး၊ စားဝတ်နေထိုင်ရေတို့အတွက် ထောက်ပံ့ကူညီပေးသွားဖို့ ရှိတာကြောင့် ပါဝင်ထောက်ပံ့နိုင်တယ်လို့ ပြောထားပါတယ်။
ဧပြီ ၁၁ ရက်က ပဇီကြီးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တွေသုံးပြီး ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုသမီးနဲ့ ကလေးတွေ အပါဝင် အရပ်သားပြည်သူ ၁၇၀ နီးပါးသေဆုံးခဲ့တာပါ။