ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ ပြည်သူ့ကာကွယ်ရေးတပ် DMO- PDF တပ်ဖွဲ့ဆီ ရောက်ရှိနေတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုရှားမှု (CDM) ပြုလုပ်ထားသူ ၁၇ ယောက်ကို တစ်ဦးလျှင် ငွေကျပ် ၁၀၈၀၀၀ နှုန်း ထောက်ပံ့ပေးခဲ့ပါတယ်။
မိမိ ကိုယ်ကျိုးကို စွန့်ကာ ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပြုလုပ်ထားသူ အမြောက်အမြားဟာ ပြည်သူ့ကာကွယ်ရေးတပ် PDF ဆီ ဝင်ရောက်လာပြီး စစ်အာဏာရှင်ကို လက်နက်ဆွဲကိုင် တော်လှန်နေတယ်လို့ ပြည်သူ့ကာကွယ်ရေး ဒီးမောဆို DMO-PDF က ဇန်နဝါရီ ၂၃ ရက်နေ့ ထုတ်ပြန်ထားပါတယ်။
အလားတူ ဇန်နဝါရီ ၅ ရက် နေ့တုန်းကလည်း DMO-PDF ဗဟိုကော်မတီက ဦးဆောင်ပြီး အလှည့်ကျထောက်ပံ့ငွေတွေကို CDM ရဲဘော် ၂၉ ယောက်ကို တယောက် ကျပ် ၁၀၈၀၀၀ ပထမအကြိမ် ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တွင်း ပြည်ပရှိ အလှူရှင်တွေရဲ့ ထောက်ပံ့ကူညီပေးမှုကြောင့် CDM ရဲဘော် မိသားစုဝင် စားဝတ်နေရေးအတွက် များစွာအထောက်အကူဖြစ်စေခဲ့ပြီး ဆက်လက်ကူညီ ထောက်ပံ့ပေးကြဖို့ အလှူရှင်တွေကို မေတ္တာရပ်ခံထားပါတယ်။
ကချင်ပြည်နယ်က စစ်ရှောင်ကလေးငယ်တွေက သူတို့ဆီ လာလှူပေးတဲ့သူတွေအတွက် ကျေဇူးတင်စကားလေးတွေကို စစ်ရှောင်စခန်းတစ်ခုကနေ ရေးသားခဲ့ပြီး သတင်းစကားပါးခဲ့ကြပါတယ်။
စစ်ရှောင်ကလေးငယ်တဦးက “အဝတ်အစားတွေရလို့ ဝမ်းသာတယ်၊ သမီးတို့ သားတို့ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ တော်ပေါ် မြေပြန့်မခွဲခြားဘဲ စည်းလုံးမယ်နော်၊ ကချင်ပြည်နယ်ကို လာလည်နော်၊ အခုလောလောဆယ်တော့ သေနတ်သံနည်းနည်းကြားရတယ်” လို့ ကချင်မြေမှ သူငယ်ချင်းအမည်နဲ့ ရေးသားထားပါတယ်။
စစ်ရှောင်ကလေးငယ် နောက်တဦးကလည်း “အားလုံးကို ချစ်တယ်၊ ပြန်တွေ့ရအောင်၊ သမီးတို့ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်- ကချင်မြေမှ” လို့ ရေးသားထားပါတယ်။
လက်ရှိအချိန်ထိ ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ပြန်လည် အခြေချနေထိုင်ကတဲ့ ရွာငယ်တွေကလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ရှောင်ဦးရေ တဖြည်းဖြည်းများလာနေကာ အကူအညီများစွာလိုအပ်နေတယ်လို့လည်း IDP အရေး ဆောင်ရွက်နေသူတချို့က ပြောပါတယ်။