close

အဝယ်လိုက်

close

December 16, 2022

မြိတ်ကျွန်းစုဒေသထွက် ဂျင်းခရုများ ထိုင်းနိုင်ငံက အဝယ်လိုက်နေ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ပင်လယ်ဒေသတွေမှာ ထွက်ရှိတဲ့ ဂျင်းခရုတွေကို ထိုင်းစျေးကွက်ထဲ အဝယ်လိုက်နေတာကြောင့် ဝယ်လိုအား ပိုမြင့်နေတယ်လို့ အရောင်းအဝယ် ပြုလုပ်သူတွေနဲ့ အဝယ်ဒိုင်တွေဆီက သိရပါတယ်။

အဆိုပါ ဂျင်းခရုတွေဟာ လက်ရှိ စျေးကွက်အတွင်း အရောင်းအဝယ် မြင့်တက်နေတာကြောင့် ဒေသခံတွေအကြား သဘာဝအ‌တိုင်းပေါက်ရောက်နေတဲ့ ဂျင်းခရုနဲ့ မွေးမြူထားတဲ့ ဂျင်းခရုတွေမှာ တဖက်တလမ်းက အပိုဝင်ငွေတွေ ရရှိနေတဲ့အပြင် အလုပ်အကိုင်တွေလည်း ရရှိနေတယ်လို့ ကျွန်းစုဒေသခံတဦးက ပြောပါတယ်။

မြိတ်အခြေစိုက် ရေထွက်ပစ္စည်း အရောင်းအဝယ်ပြုလုပ်နေတဲ့ အဝယ်ဒိုင် လုပ်ငန်းရှင် တဦးက “ဂျင်းခရုက ပုံမှန် ရောင်းဝယ်ဖောက်ကားမှုတွေ ရှိနေပေမဲ့ အခုက ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူးကာလ (ပီမိုင်) ပွဲတော်အမီ စျေးပိုပေး ဝယ်ယူနေတာကြောင့် ဈေးကောင်း‌ရနေတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အခုလို ထိုင်းစျေးကွက်ထဲ အဝယ်လိုက်နေတာကြောင့် ထိုင်းအဝယ်ဒိုင်တွေကပါ မြေပြင်အထိ လာရောက်ဝယ်ယူနေတာရှိနေတယ်လို့လည်း ဂျင်းခရု အရောင်းအဝယ် ပြုလုပ်နေသူတွေဆီက သိရပါတယ်။

မြိတ်ဂျင်းခရုရောင်းဝယ်သူတဦးက “သူတို့ကတော့ ပစ္စည်းအရွယ်အစား‌အပေါ်မူတည်ပြီး ဈေးပေးတာရှိတယ်။ ထိုင်းဘက်က မြိတ်ကိုယ်စားလှယ်တွေကနေ လာဝယ်‌ကြတာရှိသလို ကော့သောင်းကနေ လာဝယ်တာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ဂျင်းခရုအကြီးစား တကီလို ၇,၀၀၀ ကျပ်နဲ့ အငယ်စား တကီလို ၄,၅၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။

အဲဒီဂျင်းခရုတွေကို ကော့သောင်း-ရ‌ေနာင်း ရေလမ်းခရီး နယ်စပ်ဂိတ်နဲ့ မြိတ်-မောတောင် နယစပ်ဂိတ်တို့ကတဆင့် ထိုင်းနိုင်ငံကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

4 mins Ago
Up