ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဘုန်းကြီးကျောင်းနှစ်ကျောင်းကနေ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ၉ ဦးအနက် ၄ ဦးကို နိုဝင်ဘာ ၂၁ ရက်က ပြန်လွှတ်ပေးလိုက်ပေမဲ့ အဝေးသင်တက္ကသိုလ်ကျောင်းသား ၅ ဦးကိုတော့ ဆက်လက် ဖမ်းဆီးထားဆဲလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကျောင်းသားမိဘတဦးက “ကျမတို့သားတွေက အဝေးသင်စာမေးပွဲပြီးလို့ ရွာကိုမပြန်ဘဲ ဘုန်းကြီးကျောင်းမှာနေပြီး ကွန်ပျူတာသင်တန်းနဲ့ ဂျပန်၊ အင်္ဂလိပ်၊ ကိုရီးယား စကားပြောသင်တန်း တက်ရောက်နေပြီး ပညာဆည်းပူးနေကြသူတွေပါ။ ဘာအပြစ်မှ မရှိပါဘူး။ အားလုံးကို လွှတ်မယ်ဆိုလို့ စောင့်နေကြတာ။ ကျောင်းသားမဟုတ်သူ ၄ ဦးကို ပြန်လွှတ်ပေးတယ်။ ကျောင်းသား ၅ ဦးကို လွှတ်မပေးသေးပါဘူး။ ဘယ်မှာထားလဲ ဆိုတာတောင် မသိရပါဘူး” လို့ ပြောပါတယ်။
လွတ်လာသူတွေဟာ စစ်တွေမြို့ ဓညဝတီ (က) ရပ်ကွက်ရှိ ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းမှာ နေထိုင်တဲ့ ကျောက်တော်မြို့နယ် ခွဆုံကျေးရွာသား မောင်ကံစိုး (၂၅ နှစ်)၊ အသောကရာမ ဘုန်းတော်ကြီးကျောင်းမှ ဦးထွန်းစိန်မောင် (၄၈ နှစ်)၊ ဦးမောင်လှထွန်း (၄၆ နှစ်) နဲ့ ဦးဦးစိုးဝင်း (၂၉ နှစ်) တို့ဖြစ်ကြောင်း အဲဒီဘုန်းတော်ကြီးကျောင်းတွေကနေ သိရပါတယ်။
မိသားစုဝင်တဦးက “လွှတ်ပေးလိုက်သူတွေက ဆိုင်ကယ်ဝပ်ရှော့လုပ်သူ ၁ ဦးနဲ့ ဘေးတွဲသုံးဘီးမောင်းသူ ၃ ဦးပါ။ အဝေးသင်ကျောင်းသား ၅ ဦး ပြန်မလွတ်သေးဘူး။ ကျောင်းသားမှန်ကန်တဲ့ အထောက်အထားတွေလည်း ရှိတယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂကိုလည်း အကြောင်းကြား အကူအညီ တောင်းထားတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရဆဲ အဝေးသင်ကျောင်းသားတွေဟာ စစ်တွေမြို့ ဓညဝတီ (က) ရပ်ကွက်ရှိ ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းကနေ ဖမ်းဆီးခံရသူ ပုဏ္ဏားကျွန်းမြို့နယ် မြက်သောက်ကျေးရွာနေ မောင်ဘိုအောင်ခင် (၂၃ နှစ်)၊ မောင်အောင်လင်းစိုး (၂၀ နှစ်)၊ မောင်စိုးမင်း (၂၁ နှစ်) နဲ့ ပုဏ္ဏားကျွန်းမြို့နယ် ပဲစိနန်းကျေးရွာနေ မောင်အောင်ငြိမ်း (၂၁ နှစ်)၊ မောင်ဇော်လှိုင်ဦး (၂၀ နှစ်) တို့ဖြစ်ပါတယ်။
အဲဒီကျောင်းသားတွေဟာ စစ်တွေမြို့မှာ နေထိုင်စရိတ် မြင့်မားတာကြောင့် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံပြီး ပညာဆည်းပူး အသက်မွေးဝမ်းကျောင်းပြု ဝင်ငွေရှာနေကြရသူတွေဖြစ်ပါတယ်။ အဲဒီလို စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်ပြီး ပညာရှာ ဝင်ငွေရှာနေကြတဲ့ ရခိုင်ပြည်နယ် နေရာစုံက လူငယ်တွေ ရှိနေကြတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက် ည ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းမှာ နေထိုင်ခိုလှုံနေကြတဲ့ တက္ကသိုလ် ကျောင်းသား ၅ ဦး အပါအဝင် ၉ ဦးကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ပြန်လွှတ်ပေးလိုက်သူ ၄ ဦးလုံး ကျန်းကျန်းမာမာရှိပြီး ဖမ်းဆီးသိမ်းဆည်းသွားတဲ့ ဘေးတွဲဆိုင်ကယ်တွေကို အမှတ် (၁) ရဲစခန်းကနေ သွားယူခဲ့တယ်လို့ လွတ်မြောက်လာတွေထံက သိရပါတယ်။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အဝေးသင်တက္ကသိုလ်ကျောင်းသား ၂ ယောက်ကို ဖမ်းဆီးသွားပြီးနောက် ဇွန် ၄ ရက် ဒီနေ့မနက်မှာ စစ်တပ်က ပစ်သတ်လိုက်တယ်လို့ ကျောက်ပန်းတောင်း PDF ကထုတ်ပြန်ပါတယ်။
တပ်ရင်း ၁ တပ်ခွဲ ၂ က အသက် ၂၁ နှစ်အရွယ် ရဲဘော် ဟိန်းဇေယျာဖြိုးနဲ့ အသက် ၂၀ အရွယ် ဟိန်းဇေယျာဦးတို့ဟာ ဇွန် ၁ ရက်နေ့မှာ လက်ပံပျားရဲစခန်းက တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။
ဇွန် ၃ ရက်မှာတော့ လူငယ် ၂ ယောက်ကို လက်ပံပျားရဲစခန်းကနေ တပ်မ ၉၉ ဆီကို လွှဲပြောင်းပေးခဲ့ပြီး ဒီနေ့ မနက်အစောပိုင်းက စစ်ကြောရေးစခန်းမှာ ဟိန်းဇေယျာဦးရဲ့ ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်ပြီး ဟိန်းဇေယျာဖြိုးဟာလည်း သေနတ်နဲ့ပစ်ခတ်ခံခဲ့ရလို့ သွေးထွက်လွန် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော် ၂ ယောက်ကို ဒီနေ့ ညနေ ၃ နာရီအမှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ကျောက်ပန်းတောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရတုန်းမှာ သူတို့ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ နှိပ်စက်ညှဉ်းပန်းတာတွေကို ကြံ့ကြံ့ခံပြီး သစ္စာရှိရှိ ရဲရဲဝံ့ဝံ့နဲ့ ထုတ်ဖော်မပြောဆိုဘဲ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ရဲဘော်ဟိန်းဇေယျာဖြိုးနဲ့ ဟိန်းဇေယျာဦးတို့ရဲ့ သစ္စာရှိရှိ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့တာအတွက် မြို့နယ်တော်လှန်ရေးအဖွဲ့ အားလုံးက အာဇာနည်တွေအဖြစ် အသိအမှတ်ပြု ဂုဏ်ပြု ဝမ်းနည်းကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။