အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမား အန်ဝမ်နရီဟာ ဘရန့်ဖို့ဒ်နဲ့ပွဲပြီးခါနီးမှာ လူစားဝင်ကစားခဲ့ပြီးနောက် ပရီးမီးယားလိဂ် သမိုင်းတလျှောက် အသက်အငယ်ဆုံး ကစားသမားအဖြစ်စံချိန်တင်ခဲ့ပါတယ်။
အသက် ၁၅ နှစ်နဲ့ ၁၈၁ ရက်ပဲရှိသေးတဲ့ အာဆင်နယ် ယူ-၁၈ ကစားသမား အန်ဝမ်နရီဟာ ပွဲချိန်မိနစ် ၉၀ အကျော်မှာ ဗီအဲယာနဲ့ လူစားလဲပြီး မိနစ်အနည်းငယ်ဝင်ကစားခွင့်ရခဲ့တာပါ။
သူဟာ အရင်က ပရီးမီးယားလိဂ် သမိုင်း တလျှောက် အသက်အငယ်ဆုံး ကစားသမားအဖြစ်စံချိန်တင်ထားတဲ့ လီဗာပူးကွင်းလယ်လူ အီလီယော့ရဲ့ ၁၆နှစ်နဲ့ ၁၇၇ ရက်စံချိန်ကို ကျော်ဖြတ်ခဲ့တာပါ။
အာဆင်နယ်အသင်းသမိုင်း တလျှောက်မှာလည်း အသက် ၁၆ နှစ်၊ ၂၅၆ ရက်နဲ့ ပွဲကစားဖူးတဲ့ ဂျက်ဝဲလ်ရိူင်းယားရဲ့စံချိန်ကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်။
နည်းပြအာတေတာကတော့ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲအတွက် ပြင်ဆင်မှုပြုလုပ်ပုံတွေကို သိရှိစေချင်တာကြောင့် ၁၅ နှစ် လူငယ်ကစားသမားကို လူစာရင်းမှာခေါ်ယူခဲ့တာဖြစ်ပြီး အခွင့်အရေး ရလာချိန်မှာ လူစားလဲကစားစေခဲ့တာဖြစ်ကြောင်းပြောပါတယ်။
အာဆင်နယ်ဟာ ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ချိန်မှာ အန်ဝမ်နာရီကို ထည့်သွင်းခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဂါဘီဟာ အီတလီနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရပြီးနောက် စပိန်း လက်ရွေးစင်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အခုနှစ်ရာသီ ဘာစီလိုနာအသင်းမှာ ပွဲထွက်ခွင့်ရလာတဲ့ ဂါဘီဟာ အသက် ၁ရ နှစ် နဲ့ ၆၂ ရက်သာရှိ သေးပြီး စပိန်လက်ရွေးစင်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရတဲ့က စားသမားဖြစ်လာခဲ့တာပါ။
၁၉၃၆ ခုနှစ်က ၁၇ နှစ်၊ ၂၈၄ ရက်နဲ့ ပွဲထွက်ခွင့်ရခဲ့တဲ့ အိန်ဂျယ်ဇူဘီတာကို ကျော်ဖြတ်ပြီး ဂါဘီက စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဘာစီလိုနာအသင်းဖော်တွေဖြစ်တဲ့ ပက်ဒရီနဲ့ အန်းဆုဖာတီတို့ကိုလည်း ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဂါဘီဟာ ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲမှာ ပရိသတ်တစ်ဦးအနေနဲ့သာ ကြည့်ရူခဲ့ရပြီး အခုနှစ်ရာသီမှာ လာလီဂါပွဲစဉ် ၂၇၅ မိနစ်သာ ကစားခဲ့ပြီးနောက် စပိန်လက်ရွေးစင်ကစားသမား ဖြစ်လာခဲ့တာပါ။
အသက် ၁၇ နှစ်နဲ့ ၂ လခန့်သာ ရှိသေးတဲ့ ဂါဘီဟာ ယူရိုချန်ပီယံအီတလီနဲ့ ပွဲဦးထွက်ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ပွဲချိန် ၈၄ မိနစ်ရောက်မှ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။