အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) ရဲ့ ဗဟိုကော်မတီဝင် ကျောင်းဆရာ ဆရာမ ၃ ယောက် မန္တလေးအိုးဘိုထောင်မှာ တိုက်ပိတ်ခံနေရတာကြောင့် သူတို့ရဲ့ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတယ်လို့ ကော်မတီက အရေးပေါ် ထုတ်ပြန်ပါတယ်။
ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဆရာဦးနောင်ထက်အောင်၊ ဆရာမဒေါ်သက်ဆုလှိုင်နဲ့ ဆရာဦးနိုင်းသီဟကျော်၊ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကိုရန်ပိုင်စိုးအပါအဝင် လူငယ် ၆ ယောက်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၁ ရက် ညပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အိုးဘိုထောင်မှာ ရှိနေတယ်လို့ ဆိုပါတယ်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက သေဒဏ်ပေးသတ်ဖြတ်ခဲ့တဲ့နောက်ပိုင်း ထောင်တွင်းဖိနှိပ်တာတွေ ပိုပြင်းထန်လာပြီး သေဒဏ်စီရင်တာကို ဆန့်ကျင်တဲ့ အစာငတ်ခံဆန္ဒပြတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဆရာဦးနောင်ထက်အောင်၊ ဆရာမဒေါ်သက်ဆုလှိုင်နဲ့ ဆရာဦးနိုင်းသီဟကျော်တို့ အပါအဝင် ၄ ယောက်ကို အကြမ်းဖက်ရိုက်နှက်ပြီး တိုက်ပိတ်လိုက်ပြီလို့ သတင်းကြားရတာကြောင့် သူတို့ရဲ့ အသက်ဘေးကို စိုးရိမ်ရတယ်လို့ BEGSC က ထုတ်ပြန်ထားပါတယ်။
ထောင်တွင်းကနေရတဲ့ သတင်းတွေအရ နိုင်ငံရေးအကျဉ်းသားတွေကို လူမသိ သူမသိ သေဒဏ်ပေးနေတာတွေရှိတာကိုလည်း သိရပြီး ဒါကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချတယ်လို့ ဆိုပါတယ်။
BEGSC ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဆရာနောင်ချိုက “ထောင်တွင်း အကြမ်းဖက်မှုတွေက အခုနောက်ပိုင်း ပိုမိုပြင်းထန်လာပါတယ်။ ဒါကို ပြည်သူလူထုနဲ့ တော်လှန်ရေး အစုအဖွဲ့တွေ၊ မီဒီယာတွေက အသံကျယ်ကျယ်ထွက်ပေးနိုင်ဖို့ လိုပါတယ်။ အရေးမကြီးတဲ့ ဘာပွဲ ညာပွဲတွေဆို လူစည်နေပြီး တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းတွေကို ဖုံးနေတာတွေလည်းရှိနေတော့ အခုလို အသက်နဲ့ရင်းပြီး ထောင်တွင်းအစာငတ်ခံ ဆန္ဒပြနေတဲ့ ရဲဘော်တွေအတွက် အပြင်က အသံကျယ်ကျယ်ထုတ်ပေးနိုင်မှ အဆင်ပြေမှာပါ” လို့ ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် သေဒဏ်စီရင်တာတွေကို ဝိုင်ဝန်းဆန့်ကျင်ကြပြီး ထောင်တွင်းတိုက်ပွဲဝင်နေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ကြဖို့ကိုလည်း BEGSC က တိုက်တွန်းထားပါတယ်။
BEGSC ဗဟိုကော်မတီဝင် ဦးဖြိုးဝေအောင်ကလည်း လူ့အခွင့်အရေး ကာကွယ်သူတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကြောရေးနဲ့ အကျဥ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်တာတွေအတွက် ထိထိရောက်ရောက် တုံ့ပြန်ပေးစေလိုတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့မှာ ကိုဗစ်အတည်ပြုလူနာ ၅ ဦးကို ကျန်းမာရေးဌာနက ထိရောက်တဲ့ ဆေးဝါးကုသပေးမှုတွေ မပြုလုပ်ပေးတဲ့အတွက် အသက်အန္တရာယ်အပြင် ရောဂါကူးစက် ပြန့်ပွားမှာကို စိုးရိမ်တယ်လို့ ဇူလိုင် ၃ ရက်နေ့ နေ့လယ်ပိုင်းက မိသားစုဝင်တွေက DVB ကို ပြောပါတယ်။
ဇူလိုင် ၁ ရက်နေ့က ခရီးသွားရာဇဝင်ရှိတဲ့ ကိုဗစ်အတည်ပြုလူနာကတဆင့် ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၅ ဦးကို ထိရောက်တဲ့ ဆေးဝါးကုသမှုတွေမပေးတဲ့အပြင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီကပါ တာဝန်ယူမှုမရှိတဲ့အတွက် အသက်အန္တရာယ်နဲ့ ရောဂါကူးစက်ပြန့်ပွားမှာကို စိုးရိမ်နေကြတာပါ။
ကိုဗစ်အတည်ပြုလူနာရဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက “ကျန်းမာရေးဌာနက လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆေးဝါးကုသပေးတာ မရှိဘူး။ ကိုဗစ်ကော်မတီက ပိုဆိုးတယ်။ အမည်ခံပဲ တာဝန်ခံတာ မရှိဘူး။ အရင်အစိုးရနဲ့ အများကြီး ကွာတယ်။ အခုက ကိုယ်ဖြစ်ကိုယ်ခံပဲ” လို့ ဆိုပါတယ်။
ဇူလိုင် ၂ ရက်နေ့ထိ ကိုဗစ်ကူးစက်ခံရသူ ရေစကြိုမြို့ပေါ် ထင်းတန်းရပ်ကွက်က ၄ ဦး၊ ညောင်တောကျေးရွာက ၁ ဦးရှိပြီး အတည်ပြုလူနာ ၂ ဦးကို မြို့နယ်ပြည်သူ့ဆေးရုံနဲ့ ကျန်လူနာ ၃ ဦးကို Stay home ထားရှိပြီး အသွားအလာကန့်သတ်ထားပေမယ့် လူနာတွေရဲ့ လိုအပ်တဲ့ ဆေးဝါးကုသမှုနဲ့ စားသောက်ရေးအပြင် နေအိမ်လမ်းကြား ပိုးသတ်ဆေးဖျန်းတာတွေ အပါအဝင် မြို့နယ်ကြက်ခြေနီအသင်းကပဲ ပံ့ပိုးကူညီ ဆောင်ရွက်ပေးထားတယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ကိုဗစ်အတည်ပြုလူနာ တိုးလာနေပေမယ့် စစ်ကောင်စီက ဖိအားပေးဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေ၊ စျေးတွေ၊ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ လူစုလူဝေးနဲ့ ဆိုင်ထိုင်စားစနစ်တွေကို ပိတ်ပင်တားမြစ်တာ မရှိတဲ့အတွက် ရောဂါကူးစက်ပြန့်ပွားလာမှာ စိုးရိမ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။