close

အသက် ၆၀ အရွယ် ထိုင်းအမျိုးသား

close

July 18, 2022

တရားဝင်ဇနီးရှိသည့် အသက် ၆၀ အရွယ်အမျိုးသားက ရည်းစား ၁၂ ဦး တပြိုင်တည်းထား

ထိုင်းနိုင်ငံအလယ်ပိုင်း နွန်ထပူရီခရိုင်မှာ တရားဝင်ဇနီး နဲ့ သားသမီးရှိသော အသက် ၆၀ ကျော်ရွယ် အမျိုးတဦးဟာ နောက်ထပ်ရည်းစား/မိန်းမ ၁၂ ယောက် တပြိုင်တည်းထပ်ထားတယ်လို့ sanook ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

နိုင်းပူဆိုသူ အမျိုးသားမှာ အထက်တန်းကျကျ စတိုင်နဲ့နေပြီး သူ့ကိုယ်သူ ဂျပန်ကုမ္ပဏီတခုမှ ဒါရိုက်တာ၊ တခုလပ်လို့ပြောကာ လူမှုကွန်ရက်ပေါ်က အမျိုးသမီးတွေကို လိမ်လည်ပိုးပန်းခဲ့တာလို့ ဆိုပါတယ်။ 

လှည့်ဖျားခံရတဲ့ အမျိုးသမီ ၁၂ ဦးဟာ အသက် ၄၀ နဲ့ ၆၀ ကြား တခုလပ်၊ မုဆိုးမတွေဖြစ်ပြီး ဖြစ်ရပ်မှန်ကို သိသွားတဲ့အခါ နိုင်းပူရဲ့မယားကြီးက သူတို့ကို အမှုဖွင့်အရေးယူမှာစိုးလို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ နာမည်ကြီးရှေ့နေ နိုင်းရာ့ချ်ဖုံး ဆီရိဆာခွန်းဆီမှာ ဇူလိုင် ၁၇ ရက်နေ့မနက်က လာရောက်တိုင်ပင်ခဲ့ကြတာပါ။ 

အသက် ၅၆ နှစ်ရွယ်အမျိုးသမီး ၁ ဦးက သူမဟာ အကျဉ်းဦးစီးဌာနမှာအလုပ်လုပ်ပြီး တနေ့တော့ ပညာပေးဟောပြောပွဲအပြီးမှာ မိမိရဲ့ လူမှုကွန်ရက်အကောင့်ကို ဖြန့်ဝေလိုက်ကြောင်း၊ အဲဒီထဲက နိုင်းပူဆိုသူမှ သူ့ကိုလာရောက်မိတ်ဆက်ပြီး ဘဝနေဝင်ချိန် လက်တွဲဖော်ရှာနေတယ်လို့ ပြောတာ ကြောင့် နောက်ဆုံးချစ်သူဖြစ်သွားကြောင်း၊ သူမက နှစ်ယောက်တွဲပုံနဲ့ စကားလုံးအချို့ကို လူမှုကွန်ရက်ပေါ်တင်လိုက်ရာမှာ နိုင်းပူက နှစ်ယောက်တည်းကိစ္စ လူအများသိအောင် လုပ်ရမလားဆိုပြီး သူမကို ရန်တွေ့လို့ သင်္ကာမကင်းဖြစ်ပြီး စုံစမ်းရာမှာ တရားဝင်မိန်းမနဲ့ သားသမီးတွေရှိနေတာ သိရတယ်လို့ ဆိုပါတယ်။ 

သူမတင်လိုက်တဲ့ပုံကို အခြားအမျိုးသမီးတွေလည်းတွေ့ရှိပြီး အချင်းချင်းမေးမြန်းကြည့်ရာက အလိမ်ခံရသူတွေချည်းဖြစ်နေတာလို့ ဆိုပါတယ်။ 

နောက်ထပ် အလိမ်ခံရသူ အသက် ၄၀ ကျော်ရွယ် အစိုးရဝန်ထမ်းအမျိုးသမီး ၁ ဦးကလည်း နိုင်းပူမှာ ဖေ့စ်ဘုတ်အကောင့် ၈ ခု၊ အင်စတာဂရမ် ၄ ခု၊ LINE ၃ ခု ဖွင့်ထားပြီး အဲဒီအကောင့်တွေနဲ့ အမျိုးသမီးတွေကို လိုက်လံပိုးပန်းလိမ်ညာနေတာလို့ ဆိုပါတယ်။ 

သူ့ရဲ့ဖြစ်ရပ်မှန်ကို သိသွားတဲ့ အမျိုးသမီးတွေကို နိုင်းပူက ဘယ်သူမှမပြောပြဖို့၊ နားမထောင်ရင် မယားကြီးကနေ တရားစွဲခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်ထားသလို အချို့အမျိုးသမီးတွေကိုလည်း အ ဆက်ဖြတ်သွားတယ်လို့  ပြောပါတယ်။ 

ထိုင်းဥပဒေအရလည်း  ပထမဇနီးနဲ့ တရားဝင်ကွာရှင်းထားခြင်း မပြုရသေးတဲ့ အမျိုးသားကို နောက် အမျိုးသမီးတဦးက သိသာထင်ရှားတဲ့ ဇနီးအဖြစ်ကြေညာရင် ပထမဇနီးက နောက်အမျိုးသမီးကို တရားစွဲလို့ရတယ်လို့ ရှေ့နေက ပြောပါတယ်။ 

ဒါကြောင့် အလိမ်ခံရတဲ့ အမျိုးသမီးတွေအချင်းချင်းချိတ်ဆက်ပြီး LINE Group တခုဖွင့်ထားကာ အဆိုပါအမျိုးသားကို တရားစွဲဖို့နဲ့ မိမိတို့ကိုယ်တိုင် တရားစွဲမခံရဖို့  ကိုယ်စားလှယ် ၃-၄ ဦးလွှတ်ပြီး ရှေ့နေနဲ့ လာတိုင်ပင်တာလို့ ကာယကံရှင်အမျိုးသမီးတွေက သတင်းထောက်ကို ပြောသွားပါတယ်။ 

ကိုးကား -  SanookNews

1 min Ago
Up