close

အသရေဖျက်မှု

close

March 24, 2023

ရာဟူးလ်ဂန္ဒီ အသရေဖျက်မှုဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

အိန္ဒိယနိုင်ငံက တရားရုံးတခုဟာ အတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီအပေါ် တရားစွဲဆိုထားတဲ့ အသရေဖျက်မှုအရ မတ် ၂၃ ရက်မှာ ထောင်ဒဏ် ၂ နှစ်ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

၂၀၁၉ ခုနှစ်က သူခိုးတွေဆိုပြီး ရည်ညွှန်းပြောဆိုခဲ့တဲ့ ဂန္ဒီရဲ့ မိန့်ခွန်းတခုအတွင်း လက်ရှိဝန်ကြီးချုပ် မိုဒီရဲ့ မျိုးရိုးနာမည် ပါဝင်ခဲ့တာကြောင့် အသရေဖျက်မှုနဲ့ တရားစွဲဆိုခံထားရတာပါ။

ကွန်ဂရက်ပါတီရဲ့ အကြီးတန်းခေါင်းဆောင်တဦးဖြစ်သလို နိုင်ငံရေးအရ စိုးမိုးနိုင်ခဲ့တဲ့ နေရူး-ဂန္ဒီ မျိုးဆက်ဖြစ်သူ ရာဟူးလ်ဂန္ဒီဟာ ဒီအမိန့်ချမှတ်မှုအတွက် အထက်တရားရုံးမှာ အယူခံ ဝင်လိမ့်မယ်လို့ သူရဲ့ပါတီက ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီရဲ့ မွေးရပ်မြေဖြစ်တဲ့ ဂူဂျာရတ်ပြည်နယ်ရှိ ဆူရတ်မြို့က တရားရုံးတခုမှာ ဂန္ဒီအပေါ် စီရင်ချက်ချမှတ်ခဲ့ပေမဲ့လည်း ချက်ချင်း အာမခံပေးခဲ့တဲ့အပြင် ပြစ်ဒဏ်ကိုလည်း တလဆိုင်းငံ့ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမတိုင်ခင် မိန့်ခွန်းမှာ ဂန္ဒီက နိုင်ငံတွင်း အကျင့်ပျက်ခြစားမှု မြင့်မားနေတယ်လို့ ပြောကြားခဲ့ရာ ဝန်ကြီးချုပ်ဖြစ်သူနဲ့ တရားခံပြေး အိန္ဒိယစီးပွားရေးသမား ၂ ဦးကို ရည်ညွှန်းပြောဆိုခဲ့သလို သူတို့အားလုံးရဲ့ မျိုးရိုးနာမည်က မိုဒီ ဖြစ်နေတာကြောင့် အမှုရင်ဆိုင်ခဲ့ရတာပါ။

ဂန္ဒီကတော့ သူရဲ့မှတ်ချက်ဟာ ဘယ်အသိုင်းအဝိုင်းကိုမှ ဆန့်ကျင်မှုမရှိကြောင်း မတ် ၂၃ ရက်က မှတ်ချက်ပေးခဲ့ပြီး အာဏာရ ဘီဂျေပီပါတီကတော့ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးလို့ တုံ့ပြန်ပါတယ်။

6 mins Ago

October 4, 2022

CNN သတင်းဌာနကို အသရေဖျက်မှုဖြင့် ဒေါ်နယ်ထရမ့် တရားစွဲ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူ့ကို အသရေဖျက်မှုနဲ့ CNN သတင်းဌာနကို အောက်တိုဘာ ၃ ရက်က တရားစွဲခဲ့ပါတယ်။

CNN သတင်းဌာနက သူ့အပေါ် "အသရေဖျက်တာနဲ့ ဆဲရေးတာတွေ"  လှုံ့ဆော်မှု အသွင်နဲ့ လုပ်ခဲ့တယ်လို့ အခိုင်အမာပြောပြီး အဲဒီအတွက် နစ်နာကြေး ဒေါ်လာ ၄၇၅ သန်းပေးဖို့   တရားစွဲတာပါ။ 

ထရမ့်က ဖလော်ရီဒါပြည်နယ် ဖို့ဒ်လောက်ဒါဒယ်လ်မြို့မှာရှိတဲ့  ခရိုင်တရားရုံးမှာ တင်ထားတဲ့ စွဲချက်ထဲမှာ CNN ဟာ ထရမ့်ကို နိုင်ငံရေးအရ အနိုင်ယူဖို့ ထိပ်တန်းသတင်း အဖွဲ့အစည်း တစ်ခုအနေနဲ့ သူ့ သြဇာအာဏာကို သုံးခဲ့တယ်လို့ ပြောထားပါတယ်။

CNN ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်တဲ့ ထရမ့်ဟာ CNN က သူ့ကိုဝေဖန်တဲ့ မှတ်တမ်းရှည်ကြီးရှိတယ်လို့ စာမျက်နှာ ၂၉ မျက်နှာရှိ တရားစွဲမှုမှာ အခိုင်အမာပြောဆိုခဲ့ပါတယ်။

CNN သတင်းဌာနက ၂၀၂၄ မှာ ထရမ့် ပြန်အရွေးခံရမှာ ကို စိုးရိမ်လို့ မကြာသေးမီလတွေအတွင်း တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ခဲ့တယ်လို့လည်းစွပ်စွဲထားပါတယ်။

CNN ဟာ ထရမ့်ကို 'လူမျိုးရေးခွဲခြားမှု၊ ရုရှလက်ပါးစေ' 'သောင်းကျန်းသူ' စတဲ့ အရှုပ်တော်ပုံတွေ၊ အတုအယောင်နဲ့ အသရေဖျက် ဆက်တိုက်စွပ်စွဲနေပြီး နောက်ဆုံးမှာ 'ဟစ်တလာလို ပုံရိပ်ညစ်ညမ်းစေဖို့ ကြိုးပမ်းခဲ့တယ်လို့  စွဲချက်က ဆိုထားပါတယ်။

6 months Ago
Up