close

အသိပညာပေး

close

February 17, 2023

အညာဒေသရှိ ကလေးများအပါအဝင် ပြည်သူများကို လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး

အညာဒေသမှာရှိတဲ့ ကြားကာလ ပညာသင်ကျောင်းတွေက ကလေးသူငယ်တွေ အပါအဝင် ပြည်သူလူထုတွေနဲ့  ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက် PRF) က ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ လေကြောင်းရန်နဲ့ လက်နက်ကြီးရန် ကာကွယ်ရေး အသိပညာပေး အစီအစဉ်တွေ ပြုလုပ်ပေးခဲ့ပါတယ်။  

စစ်ကောင်စီတပ်တွေ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေချိန်နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ချိန်တွေမှာ ပြည်သူတွေ နေထိုင်ပြုမူသင့်တဲ့ စိတ်ချရတဲ့ ပုံစံအနေအထားတွေကို ပြည်သူ့ဆက်ဆံရေးဌာနက ဦးဆောင်ပြီး အသိပညာပေးစာစောင် ဖြန့်ဝေတာ၊ ပညာသင် ကလေးသူငယ်တွေကို သရုပ်ဖော်တေးကဗျာတွေနဲ့ အသိပညာပေးတာတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်တော်လှန်ရေးတပ်ဦးရဲ့ နိုင်ငံရေးတာဝန်ခံ ရဲဘော်ငြိမ်းမောင်က “ကျနော်တို့က စစ်တိုက်နေရုံနဲ့ မပြီးသေးဘူး။ ဒီအချိန်ဟာ ရန်သူနဲ့ ကိုယ်နဲ့ ပြည်သူကို အပြိုင်ဆွဲလုနေရတဲ့အချိန် ဖြစ်တယ်။ ဒါ့ကြောင့် ကိုယ့်ဘက်ပါတဲ့ ပြည်သူတွေကို ရန်သူက တန်ပြန်ချေမှုန်းတဲ့အခါ စစ်ရေးအရ အကာအကွယ် မပေးနိုင်ရင်တောင် ကြိုတင် အသိပညာပေးတာမျိုးတွေ လုပ်ရမယ်။ ဒါမှ စစ်ဒဏ်လည်း လျော့ကျမယ်၊ ပြည်သူလည်း ပိုချစ်ခင် အားကိုးလာမယ်။ စည်းရုံးရင်းတိုက်၊ တိုက်ရင်းစည်းရုံး ဆိုသလိုပေါ့ဗျာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် အညာဒေသက ဘယ်နေရာမဆို အခုလို လေကြောင်းရန်ကာကွယ်ရေးနဲ့ လက်နက်ကြီးပစ်ခတ်မှုရန် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်လိုတယ် ဆိုရင် ဝက်လက် (PRF) ကို ဆက်သွယ်ခေါ်ယူနိုင်ကြောင်း ဖိတ်ခေါ်ထားပြီး စစ်ရဲ့ ဆိုးကျိုးတွေကို တတ်နိုင်သမျှ ကာကွယ်ဖာထေးတာဟာ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ တာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့အချိန်က စလို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ၂၅၈ ရက်ထိ လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုအများဆုံးရှိခဲ့ကာ အဲဒီထဲကမှ အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာတော့ စုစုပေါင်း ရက်ပေါင်း ၇၀ အထိ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ BNI-Myanmar Peace Monitor အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

4 mins Ago

November 17, 2019

ဂေဟစနစ်ပြဿနာ အသိပညာပေးရန် ပါရီတွင် ရေသတ္တဝါပုံများဖြင့် မီးထွန်းပွဲကျင်းပ 

ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ ဂျာဒန်ဒီစ်ပလန့်စ်ဥယျာဉ်မှာ နိုဝင်ဘာ ၁၅ ရက်က လုပ်တဲ့ မီးထွန်းပွဲတော်အတွင်း ရေသတ္တဝါမျိုးစုံကို ရောင်စုံမီးတွေနဲ့ ပုံဖော်ထားပါတယ်။  အလွန်အကျွံ ငါးဖမ်းတာနဲ့ ပလတ်စတစ်အမှိုက် စတဲ့ ပင်လယ်သမုဒ္ဒရာ ဂေဟစနစ် ပြဿနာတွေကို အသိပညာပေးဖို့ ရည်ရွယ်ချက်နဲ့ အခုလို ကျင်းပတာလို့ ပါရီသဘာဝသမိုင်းပြတိုက် ဒါရိုက်တာ ဘရူနိုဒေးဗစ်က ပြောပါတယ်။  
ကဏန်း၊ လိပ်၊ ခရု၊ မိချောင်း၊ ကြိုးကြာ၊ ရေဘဝဲ ၊ ပုစွန် စတဲ့ ရေနေသတ္တဝါတွေကို ရောင်စုံမီးတွေနဲ့ ပုံဖော်ထားပြီး ပင်လယ်ရေအောက်ပတ်ဝန်းကျင် အငွေ့အသက်တွေကိုလည်း ထည့်သွင်းပုံဖော်ထားပါသေးတယ်။ 
အများပြည်သူတွေ လာရောက်ကြည့်ရှုဖို့ အဲဒီမီးထွန်းပွဲတော်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၉ ရက်အထိ ဖွင့်လှစ်သွားမှာပါ။  ကမ္ဘာပေါ်မှာ တည်ရှိတဲ့ သစ်ပင်၊ အင်းဆက်နဲ့ တိရစ္ဆာန်မျိုးစိတ်ပေါင်း ခန့်မှန်းခြေ ၈ သန်း ရှိတဲ့အနက် ၁ သန်းလောက်ဟာ လာမယ့်ဆယ်စုနှစ်များစွာအတွင်း မျိုးတုံးပျောက်ကွယ်မယ့် အန္တရာယ် ရင်ဆိုင်နေရတယ်လို့ ဇီဝမျိုးကွဲနဲ့ ဂေဟစနစ်ဆိုင်ရာအဖွဲ့ (IPBES) က မေလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ Photo : REUTERS/Charles Platiau
3 years Ago
Up