close

အသိအမှတ်ပြု

close

February 5, 2023

မြန်မာပြည်ပုံမှန်အခြေအနေပြန်ရောက်စေလိုပါက အသိအမှတ်ပြုရန် စစ်ကောင်စီနိုင်ငံခြားရေးပြော

မြန်မာနိုင်ငံကို ပုံမှန်အခြေအနေသို့ ပြန်ရောက်ရှိစေလိုပါက စစ်ကောင်စီရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ် အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့  စစ်ကောင်စီဩဇာခံ နိုင်ငံခြားရေးဝန်ကြီးဌာနက  ဖေဖော်ဝါရီလ ၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ 

ကုလသမဂ္ဂရည်ရွယ်ချက်နဲ့ အခြေခံမူတွေကို လိုက်နာဖို့ ပျက်ကွက်ပြီး မြန်မာနိုင်ငံပြည်တွင်းရေးကို စွက်ဖက်နေတဲ့ နိုင်ငံတချို့နဲ့ လုပ်ပိုင်ခွင့်ကိုကျော်လွန်လုပ်ဆောင်နေတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတချို့ရဲ့ တာဝန်မဲ့ပြောဆိုလုပ်ဆောင်ချက်တွေကိုလည်း ပြတ်သားစွာကန့်ကွက်ပယ်ချ ကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်း ၂ နှစ်ပြည့်ချိန် မြန်မာပြည်ဟာ သာမန် အခြေအနေမဟုတ်ဆိုပြီး သက်တမ်း ၆ လထပ်တိုးခဲ့တဲ့အပေါ်  ကုလသမဂ္ဂအပါအဝင် ကမ္ဘာနိုင်ငံတွေအသီးသီးက မြန်မာစစ်အာဏာရှင်ကို ရှုတ်ချက်ကန့်ကွက် ထုတ်ပြန် ပြောဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြမ်းဖက်မှုတွေနဲ့ အဖျက်အမှောင့် လုပ်ရပ်တွေ ပိုမိုအားကောင်းလာစေမယ့် ထုတ်ပြန်မှုတွေ ပြုလုပ်နေမယ့်အစား ပြည်သူတွေရဲ့ဆန္ဒနဲ့ အညီ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးအတွက် စစ်ကောင်စီ ဆောင်ရွက်နေတာတွေကို အပြုသဘော အထောက်အကူပြုသင့်တယ်လို့လည်း ဆိုပါတယ်။

ဒီမိုကရေစီ အခွင့်အရေးမဆုံးရှုံးစေဖို့ တစ်နိုင်ငံလုံးအကြားအလပ်မရှိတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းနေကြောင်း၊  ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်အတွက် မဖြစ်မနေလိုအပ် အကြောင်း၊ နိုင်ငံတချို့နဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတချို့က မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး တိုက်တွန်းနေသော်လည်း တစ်ဖက်မှာ ရွေးကောက်ပွဲကျင်းပရေးစစ်ကောင်စီရဲ့ကြိုးပမ်းချက်ကို ပြစ်တင်ဝေဖန်နေတာ ရှေ့နောက်မညီဘူးလို့လည်းဆိုပါတယ်။

စစ်အာဏာရှင်အနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ ဒီမိုက‌ရေစီဖြစ်စဉ် ပြန်လည်စတင်ဖို့အတွက် အဓိပ္ပာယ်ပြည့်ဝပြီးအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေး‌နွေးမှုအတွက် အခင်းအကျင်း ဖန်တီးဖို့  ဥရောပသမဂ္ဂ (အီးယူ)နဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်က ပူးတွဲကြေညာချက်တရပ်ကို စစ်အာဏာသိမ်း ၂ နှစ်ပြည့်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အလားတူ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးစ်ကလည်း အာဏာသိမ်းစစ်တပ်ဟာ တရားဝင်မှုအလျဉ်းမရှိကြောင်း၊ စစ်တပ်က အတုအယောင် ရွေးကောက်ပွဲ ကျင်းပကာ တရားဝင်မှုရရှိနိုင်ရေး ကြိုးပမ်းနေတဲ့အပေါ် နိုင်ငံတကာအနေနဲ့ ငြင်းဆန်ကန့်ကွက်ဖို့နဲ့ စုပေါင်းအင်အားဖွဲ့ပြီး အာဏာသိမ်းစစ်တပ်အပေါ် ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

အလားတူ ဗြိတိန်သံအမတ်ကြီး ဘာဘရာ ဝုဒ်ဝပ်ဒ်ကလည်း မြန်မာစစ်တပ်က မြေပြင်မှာ ကျောင်းတွေကို ဗုံးကြဲ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေပြီး ၂၀၂၂ ခုနှစ်အတွင်းမှာဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားပြည်သူ အသေအပျောက် ဒုတိယမြောက် အများဆုံးနိုင်ငံဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

စစ်အုပ်စုကိုအထီးကျဖြစ်စေဖို့ ကုလသမဂ္ဂနဲ့အတူ အလုပ်လုပ်နေကြောင်း၊  မိမိတို့အနေနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်နေကြောင်း၊ စစ်တပ်အနေနဲ့ တိုင်းပြည်အာဏာကို ပြည်သူတွေ လက်ထဲ ပြန်လည်လွှဲပြောင်းအပ်နှံရမယ့် အချိန်တန်ပါပြီလို့လည်း ဗြိတိန်နိုင်ငံ သံအမတ်ကြီးကပြောပါတယ်။

အာဏာသိမ်း ၂ နှစ်ပြည့်ချိန်မှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ စစ်ဘက်နဲ့ အရပ်ဘက်က အရာရှိကြီးတွေ၊ လက်နက်ပွဲစား ခရိုနီမိသားစုဝင်တွေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်နိုင်အောင် လေယာဉ်ဆီ ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေအပေါ် အမေရိကန်၊ ယူကေ၊ ဩစတြေးလျနဲ့ ကနေဒါ နိုင်ငံတို့က  ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ အသီးသီး ချမှတ်ခဲ့ပါတယ်။

7 mins Ago

October 10, 2021

NUG နှင့် CRPH ကို အသိအမှတ်ပြု ဆက်ဆံနေသည့် နိုင်ငံများကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ကန့်ကွက်

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အဖွဲ့ကို အသိအမှတ်ပြု ဆက်ဆံနေတဲ့ နိုင်ငံခြားသံရုံးတွေ၊  ကုလသမဂ္ဂရုံးတွေနဲ့ သက်ဆိုင်ရာနိုင်ငံတွေက အာဏာပိုင်တွေကို   ပြင်းထန်စွာ ကန့်ကွက်တဲ့အကြာင်း စစ်ကောင်စီအကြမ်းအဖက်အဖွဲ့ရဲ့  နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၉ ရက်မှာ ကြေညာ ပါတယ်။ 

ပြည်သူလူထုရဲ့အာဏာအပ်နှင်းချက်အရ တရားဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH  တို့ကို အသိအမှတ်ပြုထောက်ခံတဲ့အကြောင်း ဥရောပပါလီမန်၊ ပြင်သစ်လွှတ်တော်၊ ဂျပန်လွှတ်တော် တို့ကဆုံးဖြတ်ကြေညာထားသလို ကုလသမဂ္ဂမှာလည်း NUG အစိုးရ ကိုယ်စားလှယ် သံမတ်အကြီး ဦးကျော်မိုးထွန်းကိုကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုခံထားတာပါ။

ဒါအပြင်  အာဆီယံနိုင်ငံတချို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း NUG အစိုးရနဲ့ ဆက်သွယ်ဆွေးနွေးဖို့အဆင်သင့်ရှိကြောင်းနဲ့ အခုလအတွင်းကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို  မဖိတ်ခေါ်ဖို့အထိ ပြောလာကြတဲ့ အချိန်မှာ စစ်ကောင်စီ ဘက်က ခုလိုထုတ်ပြန်လိုက်တာပါ။  

စစ်ကောင်စီနိုင်ငံခြားရေးရဲ့ ကြေညာချက်မှာတော့ ပြည်ပနိုင်ငံတွေရဲ့ အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေအနေနဲ့ NUG၊ CRPH နဲ့ ထိတွေ့ဆက်သွယ်တာ၊ အကြမ်းဖက်အုပ်စုတွေကို သက်ဆိုင်ရာနိုင်ငံတွေမှာ ရုံးခန်းဖွင့်လှစ်ခွင့်ပြုတာစတဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက်ဝါဒကို အားပေးရာရောက်တဲ့အပြင်  မြန်မာနိုင်ငံမှာ စစ်မှန်ပြီးစည်းကမ်း ပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက်  ကြိုးပမ်းအားထုတ်မှုတွေကို ထိခိုက်စေကာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက် ရာရောက်တယ်လို့ ဖော်ပြထားပါတယ်။

NUG၊ CRPH ဆက်စပ်အဖွဲ့တွေကို ထိတွေ့ဆက်သွယ်ခြင်းမပြုဖို့၊ ထောက်ခံအားပေးခြင်းမပြုဖို့ ထပ်မံသတိပေးတဲ့ အကြောင်းနဲ့ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒတို့ကို လျစ်လျူမရှူဖို့လည်း စစ်ကောင်စီက တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု တွေရပ်တန့်ဖို့တောင်းဆိုနေပေမဲ့ စစ်ကောင်စီတပ်တွေကတော့ မြန်မာနိုင်ငံတဝန်း အထူးသဖြင့် ကချင်၊ ချင်း၊ ကယား ပြည်နယ်နဲ့  စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ ရွာတွေကို မီးရှို့ ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်မှုတွေ နေ့စဉ် ဆက်လက်ပြုလုပ်နေပါတယ်။ 

မြန်မာနိုင်ငံမှာ တရားမဝင် အာဏာသိမ်းကာလ ၈ လကျော်အကြာ  စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်  ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၁၆၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ထားတယ်။

PHOTO-MOFA

1 year Ago
Up