ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့မှာ ဇန်နဝါရီ ၁၉ ရက် မနေ့ညပိုင်းက ဆီဆိုင်မီးလောင်ပြီး ဝန်ထမ်း တယောက်သေဆုံးကာ တခြားသူ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြတ်မေတ္တာမွန်ဆီဆိုင်ကနေ ည ၉ နာရီခွဲလောက်မှာ စတင်မီးလောင်ခဲ့တာဖြစ်ပြီး တိုင်းနဲ့ ခရိုင်က မီးသတ်ကားတွေ လာရောက်မီးငြှိမ်းသတ်ပေးခဲ့ရပါတယ်။
ဒေသခံတဦးက “မီးကလောင်တာတော်တော်များတယ်၊ တိုင်းကရော ခရိုင်ကရော မီးသတ်ကားတွေပါလာရတယ်။ ၃ နာရီ ကျော်လောက်မှ မီးထိန်းနိုင်တာ။ ဆိုင်က ဝန်ထမ်း တဦးတော့ သေသွားတယ်”လို့ပြောပါတယ်။
ဆီဆိုင်မီးလောင်မှုကြောင့် ၀န်ထမ်း ဦးလှခင် (၆၈)နှစ် မီးလောင်တဲ့နေရာမှာ သေဆုံးသွားတာဖြစ်ပါတယ်။
ဆိုင်မန်နေဂျာ ဦးသူရဇော် (၃၃)နှစ်၊ ဦးညွှန့်ဝင်းမောင် ၃၂ နှစ်၊ ဦးပြည့်ဖြိုးဇော် ၃၁ နှစ်တို့ကတော့ တကိုယ်လုံး အရေပြား မီးလောင်ဒဏ်ရာ စိုးရိမ်ရကာ ဆိုင်ဝန်ထမ်း ဦးမင်းမင်းဦး ၃၄ နှစ်ကတော့ ခြေထောက် မီးလောင်ဒဏ်ရာ မစိုးရိမ်ရဘူးလို့ ရဲတပ်ဖွဲ့ မှတ်တမ်းအရသိရပါတယ်။
မီးလောင်မှုကြောင့် မေတ္တာမွန်ဆီဆိုင်ရဲ့ ဆီသိုလှောင်ရုံ ၂ လုံး ၊ ဓာတ်ဆီ ၈ ပေပါ ၊ ဒီဇယ် ၆ ပေပါ၊ ၁၂ ဘီးကုန်တင်ယာဥ်တစ်စီး၊ ဆီဘောက်ဆာကားတစ်စီးတို့ မီးလောင်ပျက်စီးခဲ့ပါတယ်။
လက်ရှိမှာ ဆီဆိုင်မန်နေဂျာ ဦးသူရဇော်ထက်ကို ပုဒ်မ ၂၈၅ နဲ့ အသုတ်နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပြီး ဆီကန်လှောင်ရာကနေ မီးလောင်ရတာလို့ မီးသတ်တပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။
ဧရာဝတီတိုင်း၊ အသုတ်မြို့မှာ ဒလန်နာမည်ထွက်နေသူ တစ်ဦး အသတ်ခံရပြီးနောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးဥက္ကဋ္ဌတွေကို သြဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်နေ့ ညတွေမှာ အာဏာသိမ်းစစ်တပ်က လိုက်လံဖမ်းဆီးနေတယ်လို့ အသုတ်မြို့ခံတစ်ဦးက ပြောပါတယ်။
"ဖမ်းခံရသူတွေက အန်အယ်လ်ဒီ ရပ်ကျေးတာဝန်ခံတွေ ညဘက်လာဖမ်းတာ။ စစ်သား ၅၀ လောက်နဲ့ ဝင်ဖမ်းတာ ဘာကြောင့် ဖမ်းတာလည်း မသိရဘူး။ ဘယ်ကို ဖမ်းခေါ်သွားတယ်ဆိုတာ မသိရဘူး"လို သူက ဆိုပါတယ်။
သြဂုတ် ၁၈ ရက်ညက အသုတ်မြို့၊ အမှတ် ၄ ရပ်ကွက် အန်အယ်လ်ဒီ ဥက္ကဋ္ဌ နဲ့ အမှတ်ရပ်ကွက် ၃ ဥက္ကဋ္ဌတို့ဖမ်းဆီးခံရပြီး သြဂုတ် ၁၉ ရက်ညမှာတော့ အမှတ် ၂ ရပ်ကွက်ဥက္ကဋ္ဌနဲ့ ပါတီအမာခံ၂ ဦးကို အာဏာသိမ်းစစ်တပ်က အင်အားအများအပြားနဲ့ နေအိမ်တွေမှာ လာရောက် ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေကို ဘယ်ကိုခေါ်သွားတယ်လို့ မသိရတဲ့အပြင် မိသားစုဝင်တွေ အနေနဲ့ လည်း ဆက်သွယ်လို့ မရသေးဘူးလို့ သိရပါတယ်။
အသုတ်မြို့မှာ သြဂုတ် ၁၁ ရက် မနက်ပိုင်းမှာ ဒလန်လို့ နာမည်ထွက်နေသူ ဦးဝင်းနိုင်ဦးကို သူ့ဆိုင်ရှေ့မှာ အနီးကပ်ပစ်သတ်ခံခဲ့ရပြီးနောက်မှာတော့ လုံခြုံရေးတင်းကျပ်ထားပါတယ်။