close

အသုံးမပြု

close

November 20, 2022

ကလေး-တမူးလမ်း အသုံးမပြုရန် ၁ ပတ်ထပ်တိုး သတ်မှတ်

စစ်ကိုင်းတိုင်း က‌လေးနဲ့ တမူးမြို့ကို ဆက်သွယ်ထားတဲ့ ကလေး-တမူးလမ်းကို ပြည်သူတွေ အသုံးမပြုကြဖို့ နောက်ထပ် တပတ်တိုးပြီ သတ်မှတ်လိုက်တယ်လို့ ကလေးနဲ့တမူးဒေသပြည်သူ့ ကာကွယ်တပ်တွေက ကြေညာလိုက်ပါတယ်။

မြို့နယ်အတွင်းဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကြောင့် နိုဝင်ဘာ ၁၉ ရက်အထိ အရေးပေါ် ကျန်းမာရေးကိစ္စက လွဲလို့ အဲဒီလမ်းကို အသုံးမပြုကြဖို့ အခုလ ၁၂ နဲ့ ၁၃ ရက်တွေက အသီးသီး ထုတ်ပြန်ထားကြတာပါ။

အခုအဲဒီထုတ်ပြန်ချက်ကို ရက်သတ္တပတ် ၁ ပတ်ထပ်တိုးလိုက်တယ်လို့ PDF Kalay က နိုဝင်ဘာ ၂၀ ရက်မှာ ထပ်မံထုတ်ပြန်လာပါတယ်။

ကလေးမြို့နယ်အတွင်း လက်ရှိစစ်ရေးဆက်လက်တင်းမာနေမှုအခြေအနေများအရ ကလေး-တမူး လမ်းမှာ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာ လုံးဝ မလုပ်ဖို့  မေတ္တာရပ်ခံ သတိပေးထားတယ်လို့ ဆိုပါတယ်။

သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာလို့ ဖြစ်ပေါ်လာနိုင်မယ့် လုံခြုံရေး အန္တရာယ် တွေနဲ့  နောက်ဆက်တွဲ အကျိုးဆက်တွေကို သတိပြုစေလိုကြောင်း ဒေသခံကာကွယ်ရေးတပ်တွေ က အသိပေးထားပါတယ်။

13 hours Ago

November 13, 2022

တမူး-ခမ်းပါတ်-ကလေး လမ်းမကို အသုံးမပြုရန် တမူး PDF သတိပေး

အိန္ဒိယ-မြန်မာနယ်စပ်၊စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်း စစ်ရေးအခြေအနေများကြောင့် တမူး-ခမ်းပါတ်-ကလေးလမ်းမကို နိုဝင်ဘာ ၁၃ ရက် မနက်ကစပြီး အသုံးမပြုဖို့ တမူး PDF က အသိပေးထုတ်ပြန်ပါထားတယ်။

အဆိုပါလမ်းမကြီးကို တမူး PDF တပ်ဖွဲ့ဝင်တွေဟာ မျက်ခြည်မပြတ်စောင့်ကြည်နေပြီး စစ်ကောင်စီတပ်နဲ့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့အတွက်  ခရီးသွားတွေနဲ့ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခြင်း လုံးဝမလုပ်ဖို့ မေတ္တာရပ်ခံ ထားပါတယ်။

တမူး PDF ရဲ့ တာဝန်ခံက "စစ်ရေးအခြေအနေကြောင့် လမ်းကို တပတ်ပိတ်ပါမယ်။  ဖြတ်သန်းသွားလာခြင်း မပြုကြပါနဲ့ မိမိတို့တပ်ဖွဲ့က ထုတ်ပြန်ကြေညာပြီးတဲ့ အချိန်မှသာ ပြန်လည်အသုံးပြုသွားလာကြဖို့ အသိပေးပါတယ်" လို့  ပြောပါတယ်။

တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး စစ်‌ကောင်စီက တမူးမြို့နယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ထားတာဟာ  ၈ လ ကျော်ရှိပါပြီ။

1 week Ago
Up