close

အသေးစားချေးငွေလုပ်ငန်း

close

December 27, 2022

Socio Lite Microfinance ကုမ္ပဏီ ဝန်ထမ်းများအပေါ် ခေါင်းပုံဖြတ်မှုမရှိဟု တုံ့ပြန်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ အသေးစားချေးငွေလုပ်ငန်း ဆောင်ရွက်နေတဲ့ Socio Lite Microfinance ကုမ္ပဏီအနေနဲ့  ဝန်ထမ်းတွေရဲ့ လစာအပေါ် ခေါင်းပုံဖြတ်မှုမရှိသလို အလုပ်သမား အခွင့်အရေးဖောက်ဖျက်မှုမရှိတဲ့အကြောင်း ကုမ္ပဏီတာဝန်ရှိသူက ဒီဗွီဘီကို ပြောတယ်။

ကုမ္ပဏီအနေနဲ့ ဝန်ထမ်း ၂၀၀ ကျော်ရဲ့ လစာငွေ ကျပ်သိန်းပေါင်းရာနဲ့ချီငွေတွေကို ခေါင်းပုံဖြတ်နေပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်တာရှိနေတယ်လို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တဦးရဲ့ ထုတ်ဖော်ပြောကြားချက်ကို ကိုးကားထားတဲ့ နိုဝင်ဘာ ၉ ရက်နေ့ ဒီဗွီဘီသတင်းနဲ့ ပတ်သက်လို့  အဆိုပါကုမ္ပဏီရဲ့  မန်နေဂျင်းဒါရိုက်တာ ဦးနိုင်ဝင်းက ပြန်လည်တုံ့ပြန်လိုက်တာပါ။

“သမဂ္ဂက အမှန်တကယ်ဆိုရင် ကျနော်တို့ကို ချိတ်ရမှာပေါ့။ လာချိတ်လို့ရတယ်။ ကျနော်တို့ဟာ Good Corporate Governance နဲ့ စီမံအုပ်ချုပ်နေတာပါ။ ဒါကြောင့် သူတို့ လာမေးသင့်တယ်။ ကျနော်တို့ဆီမှာ အမှုထမ်း ၂၀၀ ကျော်ရှိတယ်။ အမှုထမ်းတိုင်းကို ခင်ဗျားတို့ လာမေးလို့ ရတယ်။ အမှုထမ်းဆိုတာက တချို့ ကိစ္စလေးတွေမှာ သူတို့ မကျေနပ်တာလေးတွေ ရှိတယ်။ ချဲ့ပြီး ပြောတာတွေလည်း ရှိမယ်။ မယုံလို့ရှိရင် ကျနော်တို့ဆီ ကိုယ်တိုင် လာစစ် လို့ရတယ်။ သမဂ္ဂလည်း လာစစ်လို့ရတယ်။ ကျနော်တို့ဆီမှာ ဖုံးဖိစရာ ဘာမှမရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ရုံးချိန်သတ်မှတ်ချက်၊ ခွင့်ခံစားခွင့်ဆိုင်ရာ သတ်မှတ်ချက်၊ ဂျူတီချထားမှုအပေါ် မကျေနပ်ချက်၊ ဝန်ထမ်းလစာ တလစာ ထိန်းသိမ်းထားတာနဲ့ပတ်သက်ပြီး သတ်မှတ်ချက်အပေါ် ဝန်ထမ်းတွေက မကျေနပ်တဲ့အတွက် အလုပ်သမားသမဂ္ဂမှတဆင့် သိရှိပြီး သတင်းထုတ်ပြန်ခဲ့တယ်လို့ ယူဆရတဲ့အကြောင်း ကုမ္ပဏီက ဒီဗွီဘီထံ ရေးသားပေးပို့လာပါတယ်။

ကုမ္ပဏီဟာ အလုပ်သမားတွေကို အလုပ်ခန့်စဉ်အချိန်က Retain ဆိုပြီး လစာတလစာ ယူထားခဲ့ပြီး နောက်ပိုင်းမှာ Security deposit လို့ ခေါင်းစဉ်ပြောင်း ယူထားကြောင်း၊ ဥပဒေအရ ရသင့်တဲ့ ခွင့်ခံစားခွင့်မပေးတဲ့အကြောင်း၊ အလုပ်သမားရဲ့ဆန္ဒ မပါဘဲ ညဂျူတီ စောင့်ခိုင်းပြီး မနက် ၈ နာရီကို နောက်ကျမှအလုပ်ကိုရောက်ခဲ့ရင် လစာအဖြတ်ခံရကာ ညနေ ၅ နာရီကျော်ပြီး အလုပ်လုပ်နေရတဲ့အတွက်တော့ အချိန်ပိုကြေး မရဘူးလို့လည်း အလုပ်သမားတွေက တိုင်ကြားတဲ့အကြောင်း အလုပ်သမားသမဂ္ဂက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်က  တုံ့ပြန်ရှင်းလင်းရာမှာ အလုပ်သမားတွေရဲ့ လစာငွေကို ခေါင်းပုံဖြတ်တယ်ဆိုတာ တဖက်သတ် ထင်မြင်ချက်သာ ဖြစ်ကြောင်း၊ Financial Institution ဖြစ်တဲ့အတွက် ဘဏ်တွေမှာ ဆောင်ရွက်တဲ့ လမ်းစဉ်တခုဖြစ်တဲ့ Security Deposit ကို HR Manual မှာ တိကျစွာ ဖော်ပြထားပြီး Employment Contract လက်မှတ်ရေးထိုးစဉ်မှာ သဘောတူကြောင်း လက်မှတ်ရေးထိုးတဲ့ စနစ်အတိုင်း ဆောင်ရွက်နေကြာင်း။ ဒါ့ကြောင့် Security Deposit အတွက် ကုမ္ပဏီမှ အလုပ်စတင်ခန့်အပ်ချိန်မှာ အမှုထမ်းမှ ပေးဖို့ သတ်မှတ်ထားချက်ရှိပေမဲ့ သက်ညှာတဲ့အနေနဲ့ လစာရရှိမှုကနေ ၅ ကြိမ် ခွဲဝေပေးသွင်းခွင့် ပြုထားသလို အမှုထမ်း နုတ်ထွက်ပါက ရရန်ရှိ ပေးရန်ရှိတွေ ရှင်းလင်းပြီး ပြန်လည်ထုတ်ပေးတယ်လို့ ဆိုပါတယ်။

အလုပ်ချိန် အချိန်ပိုကိစ္စနဲ့ ပတ်သက်ပြီး လခစားဝန်ထမ်းဖြစ်လို့ အလုပ်ချိန် မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ သတ်မှတ်ထားပြီး အမှုထမ်းတဦးချင်းစီရဲ့ အရည်အချင်းအလိုက် တနေ့တာ လုပ်ငန်းပြီးဆုံးတဲ့အထိ ဆောင်ရွက်ရတာဖြစ်တယ်လို့ ကုမ္ပဏီက ဖြေရှင်းချက်ပေးပါတယ်။

ခွင့်ခံစားခွင့်နဲ့ပတ်သက်လို့လည်း အမှုထမ်းရဲ့မိသားစု သေဆုံးခဲ့ပါက သေဆုံးတဲ့နေ့မှ ရက်လည်တဲ့နေ့အထိ ခံစားခွင့်ပေးတဲ့အပြင် အမှုထမ်းနဲ့ အမှုထမ်းမိသားစုတွေ (အသက် ၁၈ နှစ်အောက်) သေဆုံးခဲ့ပါက သတ်မှတ်ရာထူးအလိုက် နာရေးစရိတ် ခံစားခွင့်ကို သတ်မှတ်ဆောင်ရွက်ပေးတယ်လို့ပြောပါတယ်။

ဝန်ထမ်းတွေကို ကုမ္ပဏီက လုံခြုံရေးချထားမှုနဲ့ပတ်သက်ပြီး အခုကာလ လုံခြုံရေး လိုအပ်ချက်ကြောင့် မန်နေဂျာရာထူးရှိတဲ့ အမျိုးသားတွေသာ သူတို့သဘောဆန္ဒအရ ကုမ္ပဏီကို စောင့်ရှောက်တာလို့ ဒီဗွီဘီက အဆိုပါကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာထံ ဖုန်းနဲ့ဆက်သွယ်ပြီး မေးမြန်းခဲ့ရာ တုံ့ပြန်ပြောကြားလာပါတယ်။

ကုမ္ပဏီရဲ့ အခုလိုတုံ့ပြန်ချက်နဲ့ပတ်သက်ပြီး သမဂ္ဂခေါင်းဆောင်ကို ပြန်လည်ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ ကုမ္ပဏီရဲ့ ပြောဆိုချက်တွေဟာ လက်တွေ့ မြေပြင်အခြေအနေမှန်နဲ့ ကွဲလွဲနေကြောင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုက အမှန်အကန် ရှိနေဆဲ ဖြစ်ကြောင်းနဲ့  အလုပ်သမားတွေက အလုပ်ပြုတ်မှာစိုးရိမ်လို့ မည်သူမည်ဝါဆိုတာ ထုတ်ဖော်မပြောရဲလို့ မပြောတာဖြစ်တယ်လို့ ဆိုပါတယ်။

သမဂ္ဂခေါင်းဆောင်တဦးက “သူမှန်တယ်ဆိုရင် သူ ရှင်းပေါ့။ တိုင်ကြားတဲ့လူ နာမည်ကိုတော့ ထုတ်ပြမှာမဟုတ်ဘူး။ သူတို့ထုတ်တဲ့စာထဲမှာ ပါတယ်။ လုံခြုံရေးစောင့်ဖို့ကိစ္စ။ သူတို့က လုံခြုံရေးဝန်ထမ်း မဟုတ်ဘူးလေ။ ဒါကြောင့် သူတို့ ဒါတွေ မစောင့်နိုင်ဘူးလို့ ပြောထားတာတွေ  လက်ခံသိမ်းထားတာတွေ ရှိတယ်။ ပြောရမယ်ဆိုရင် ဒီအချက်တွေက မမှန်ကန်ပါဘူး။ သူတို့ပြောတာ မြေပြင်အခြေအနေနဲ့ ကင်းကွာနေပြီး မှားယွင်းနေပါတယ်” လို့ ပြောပါတယ်။

Socio Lite Microfinance ကုမ္ပဏီဟာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြည်နဝဒေးလမ်းမှာ အသေးစားချေးငွေလုပ်ငန်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပိုပြီးဆိုးဝါးလာနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထောက်ပြထားပါတယ်။

15 hours Ago

November 9, 2022

ရွှေပြည်သာရှိ အသေးစားချေးငွေလုပ်ငန်းပိုင်ရှင်က ဝန်ထမ်းလစာငွေကို ခေါင်းပုံဖြတ်နေ

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ပြည်နဝဒေးလမ်းမှာ ဖွင့်လှစ်ထားတဲ့ အသေးစားချေးငွေလုပ်ငန်း တခုရဲ့ ကုမ္ပဏီပိုင်ရှင်က အလုပ်သမား ၂၀၀ ကျော်ရဲ့ လစာငွေ ကျပ်သိန်းပေါင်း ရာနဲ့ချီရှိတဲ့ ငွေတွေကို ခေါင်းပုံဖြတ်နေတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ သမဂ္ဂခေါင်းဆောင်တွေက ပြောပါတယ်။

အလုပ်သမားတွေကို ငွေကြေးကို မပေးဘဲ ခေါင်းပုံဖြတ်နေတဲ့ အသေးစားချေးငွေလုပ်ငန်းဟာ Socio lite micro finance ကုမ္ပဏီအမည်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး အဲဒီကုမ္ပဏီဟာ ရွှေပြည်သာမြို့နယ်အပြင် လှိုင်သာယာနဲ့ ပုလဲမြို့သစ်တွေမှာလည်း ရုံးခွဲဖွင့်လှစ်ပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အဆိုပါကုမ္ပဏီဟာ အလုပ်သမားတွေရဲ့ လစာငွေအပေါ် ခေါင်းပုံဖြတ် ကုပ်သွေးစုပ်ထားတဲ့အပြင် ဥပဒေအရ ရပိုင်ခွင့်ရှိတဲ့ ခွင့်ခံစားခွင့်နဲ့ အချိန်ပိုအတွက် လုပ်အားခမပေးဘဲ လျစ်လျူရှုထားတာကြောင့် အလုပ်သမားတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ အလုပ်သမားတွေနဲ့ ရင်းနှီးတဲ့ သမဂ္ဂခေါင်းဆောင်တယောက်က ပြောပါတယ်။

“ဒီအလုပ်သမားတွေက အကြောင်းအရာ ၄ ချက်အပေါ်မှာ သူတို့က မကျေနပ်ဘူးပေါ့နော်။ ဘာတွေလဲဆိုတော့ မနက် ၈ နာရီ အလုပ်ထဲ မရောက်လို့ရှိရင် သူတို့လစာထဲက ဖြတ်တယ်။ ဒါပေမဲ့ ညနေ ၅ နာရီကျော်တဲ့အထိ အလုပ်ရှင်က ဆက်ခိုင်းတဲ့အခါ သူတို့ကို အချိန်ပိုကြေး မပေးဘူး။ သူတို့မှာ ခွင့်လည်းမရဘူး။ ဘယ်လောက်ထိ ဆိုးရွားလဲဆိုရင် နယ်မှာရှိတဲ့ မိဘဆုံးလို့ နယ်သွားချင်တာ ခွင့်မပေးဘူးတဲ့။ ခွင့်နဲ့ပတ်သက်ပြီး ဘာခွင့်မှကို မရတာ။ ညပိုင်း ဂျူတီစောင့်ခိုင်းတယ်။ ဒါကို အလုပ်သမားတွေက မစောင့်ချင်ဘူး။ မစောင့်ချင်တာကို အလုပ်ရှင်က အတင်းအကျပ် စောင့်ခိုင်းတယ်။ အဲ့ဒါကိုလည်း သူတို့ မကျေနပ်ဘူး။ ပြီးတော့ ဝန်ထမ်းတွေရဲ့ ၁ လစာ ပိုက်ဆံ။ ဝန်ထမ်း ၁ ယောက်ကို ၂ သိန်းနဲ့ပဲ တွက်ကြည့်။ ဝန်ထမ်း ပေါင်း ၂၀၀ ကျော်ရဲ့ ၁ လစာ ပိုက်ဆံက အကြမ်းဖျင်း သိန်းရာနဲ့ချီ ရှိတယ်နော်။ ဒီပိုက်ဆံတွေကို အလုပ်ရှင်က မပေးဘဲ ခေါင်းပုံဖြတ်ထားတာ။”

အခုလို အလုပ်ရှင်ရဲ့ ခေါင်းပုံဖြတ်မှုနဲ့ပတ်သက်ပြီး အလုပ်သမားတွေအနေနဲ့ အလုပ်ဖြုတ်ခံရမှာ ကြောက်လို့  ထုတ်ဖော်မပြောရဲကြဘူးလို့လည်းဆိုပါတယ်။ 

ဒါကြောင့်ပဲ လုပ်ငန်းရှင်တွေက အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်မှုဟာ လုပ်သားအင်အား ရာကျော်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်တွေမှာသာမဟုတ် ကုမ္ပဏီလုပ်ငန်းခွင်တွေမှာပါ နည်းလမ်းပေါင်းစုံနဲ့ ကုပ်သွေးစုပ်မှုက ရှိနေတာပါ။ ဒါကလည်း အလုပ်သမားတွေ ကိုယ်တိုင်က တည်ဆဲပြဋ္ဌာန်းထားတဲ့ အလုပ်သမားဥပဒေအပေါ် နားလည်သိရှိမှု အားနည်းတာကြောင့် အခုလို ဖိနှိပ်ခံနေရတာလို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်က “အလုပ်သမားတွေ ကိုယ်တိုင်က အလုပ်သမားဥပဒေနဲ့ ပတ်သက်ပြီး နားလည်သိရှိမှုက အားနည်းနေတာ တွေ့ရတယ်။ အလုပ်ရှင်၊ အလုပ်သမား ရှိရင် အလုပ်သမားနဲ့ဆိုင်တဲ့ အငြင်းပွားမှုကို ဖြေရှင်းလို့ရတယ်။ စက်ရုံမှာပဲ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုကို ဖြေရှင်းလို့ရတာ မဟုတ်ဘူး။ ခွင့်တို့ အချိန်ပိုကြေးတို့ လစာတို့ ဒီပြဿနာတွေက အကုန် ဖြေရှင်းလို့ရတယ်။ ဒါပေမဲ့ အလုပ်သမားတွေက ဘာဖြစ်နေလဲဆိုတော့ မတရား ကြောက်ရွံ့နေကြတယ်။ သူတို့ အလုပ်ဖြုတ်ခံရမှာကို။ အလုပ်ဆိုတာက သူတို့ အလုပ်တခုတည်း ရှိတာမဟုတ်ပါဘူး။ သင့်တော်တဲ့ တခြားအလုပ်တွေ ရှိပါတယ်။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းရှိဖို့ပဲ လိုတာပါ။ ဒီကာလတွေမှာ နဂိုထက် အခြေအနေတွေ စိုးနေလို့ မလုပ်ရဲဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ နေလို့ရှိရင် ပိုဆိုးလာဖို့ပဲရှိတယ်။ လုပ်လို့ရတဲ့ ဘောင်ထဲကနေ ကျမတို့က ကြိုးစားကြည့်မှ တခုခုကို ကာကွယ်လို့ရမှာနော်။ ဥပဒေအရ ရပိုင်ခွင့်ရှိတဲ့ ကျမတို့ရဲ့ အခွင့်အရေးတွေကို မယူဘဲနဲ့ အားလုံးကို လျှော်ပစ်ကြမှာလား ဆိုတာကတော့ ကိုယ့်ဘာသာ စဉ်းစားကြပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာပြည်မှာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပိုပြီး ဆိုးဝါးလာတာ တွေ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထောက်ပြထားပါတယ်။

2 months Ago
Up