close

အသေးစားလုပ်ငန်းရှင်

close

December 23, 2021

တောင်ကိုရီးယားအစိုးရကို အသေးစားလုပ်ငန်းရှင် ၅၀၀ ခန့် ဆန္ဒပြ

တောင်ကိုရီးယား အသေးစားစီးပွားရေးလုပ်ငန်းရှင် ၅၀၀  လောက်က  အစိုးရစုပေါင်းရုံး တခုရှေ့မှာ ဒီဇင်ဘာ ၂၂ ရက်က  ဆန္ဒပြခဲ့ပါတယ်။ 

နှစ်သစ်ကူးအားလပ်ရက်ကာလမတိုင်ခင် ကိုဗစ်-၁၉ အကြောင်းပြုပြီး တင်းကျပ်တဲ့ ကန့်သတ်ထိန်းချုပ်မှုတွေ မလုပ်ဖို့ တောင်းဆိုကြတာပါ။

ပြီးခဲ့အပတ်မှာ အစိုးရက ကိုဗစ်-၁၉ ပြန့်ပွားမှုထိန်းချုပ်ဖို့ ဇန်နဝါရီ ၂ ရက်အထိ လူ ၄ ဦးထက် ပိုပြီး မစုဝေးဖို့၊ စားသောက်ဆိုင် ကော်ဖီဆိုင်နဲ့  ဘားတွေ ည  ၉ နာရီမတိုင်ခင် ပိတ်ဖို့ အပါအဝင် တင်းကျပ်တဲ့ စည်းကမ်းတွေ ပြဋ္ဌာန်းလိုက်တာကြောင့် အသေးစားလုပ်ငန်းရှင်တွေ ပေါက်ကွဲ နေတာပါ။ 

နောက်ထပ် ဘယ်အမိန့်ကိုမှ မလိုက်နာနိုင်တော့ဘူးလို့ ပြောပြီး သူတို့ရဲ့လုပ်ငန်းလိုင်စင် မိတ္တူစာရွက်တွေကို ဖျက်ဆီးလိုက်ပါတယ်။ 

ဆိုးလ်မြို့တော်‌မြောက်ဘက် ဝီဂျောင်ဘိုမြို့ အသေးစားလုပ်ငန်းရှင်ဥက္ကဋ္ဌ လီဆန်ဘတ်ခ်က “ ကိုရီးယားမှာ အသေးစားစီးပွား‌ရေးလုပ်ငန်းရှင် ၇ သန်း ရှိပါတယ်။ ကိုဗစ်ကြောင့် အားလုံးဒုက္ခရောက်နေတယ်။ အများစုက ဒီအကျပ်အတည်းကို မကျော်လွှားနိုင်ဘူး၊ တချို့ လုပ်ငန်းတွေ ပိတ်ကြ၊ တချို့ သတ်သေကြတယ်” လို့ ပြောပါတယ်။ 

တောင်ကိုရီးယားမှာ နိုင်ငံတဝန်း  ကာကွယ်ဆေးထိုးပြီး ခြောက်ပတ်အကြာမှာ ကန့်သတ်မှုတွေ ဖြေလျှော့ခဲ့ပါတယ်။ 

အဲဒီနောက် နေ့စဉ် ကူးစက်မှုနှုန်း ပြန်မြင့်လာပြီး မနေ့က ကူးစက်ခံရသူ ၇၄၅၆ ဦးရှိကာ  သေဆုံးသူ ၇၄ ဦးထိ ရှိပါတယ်။

2 mins Ago
Up