close

အာကာသယာဉ်

close

December 15, 2022

လကမ္ဘာသွားခဲ့သည့် မောင်းသူမဲ့ Orion အာကာသယာဉ် ကမ္ဘာမြေပေါ် ပြန်ရောက်

‌လကမ္ဘာကို ၂၅ ရက်ကြာ လေ့လာနိုင်ခဲ့တဲ့ မောင်းသူမဲ့ Orion အာကာသယာဉ်ဟာ လပတ်လမ်းကြောင်းပေါ်မှာ မိုင်ပေါင်း ၁ ဒသမ ၄ သန်းကျော် ခရီးနှင်ခဲ့ကာ ဒီဇင်ဘာ ၁၁ ရက်က ‌ပစိဖိတ်သမုဒ္ဒရာထဲကို လေထီးနဲ့ အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့တယ်လို့  နာဆာက သတင်းထုတ်ပြန်ပါတယ်။

နောက်လာမယ့် အာတီမစ် မစ်ရှင်တွေက Space Launch System (SLS) ဒုံးပျံတွေအတွက် ဒုံးပျံအင်ဂျင်အသစ် RS- 25 ကို ဒီဇင်ဘာ ၁၄ ရက်နေ့ စမ်းသပ်မယ်လို့ နာဆာက ဆိုပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က နာဆာရဲ့ ကနေဒီ အာကာသစင်တာကနေ Space Launch System (SLS) ဒုံးပျံတပ်ထားတဲ့ အာတီမစ် ၁ မစ်ရှင်ကို လွှတ်တင်ခဲ့တာဖြစ်ပြီး အာတီမစ် ၂ မစ်ရှင်မှာ လိုက်ပါမယ့် အာကာသယာဉ်မှူးတွေအတွက် အာကာသထဲက ကြမ်းတမ်းတဲ့ အခြေအနေတွေကို သိရဖို့ Orion ယာဉ်၊ အာတီမစ် ၁ မစ်ရှင်ကို စမ်းသပ်လွှတ်တင်ခဲ့တာလို့ သိရပါတယ်။

Orion ယာဉ်က ကမ္ဘာပေါ် တနာရီ မိုင် ၂၅,၀၀၀ အရှိန်နဲ့ ပြန်ဆင်းလာချိန်မှာ လေထုပွတ်တိုက်မှု အရှိန်ကြောင့် နေမျက်နှာပြင်ရှိ အပူချိန် ၅,၀၀၀ ဒီဂရီဖာရင်ဟိုက်ရဲ့ တဝက်လောက် ပူနေခဲ့တာဖြစ်ပြီး လေထီးဖွင့်လိုက်မှ တနာရီမိုင် ၂၀ ခန့်အထိ နှေးကွေးသွားကာ ပစိဖိတ်သမုဒ္ဒရာထဲ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့တာပါ။

အာတီမစ် ၁ မစ်ရှင်ရဲ့ မန်နေဂျာ မိုက်ဆာရာဖင်က “Orion ဟာ လကနေ ကမ္ဘာပေါ်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်ပါပြီ။ ကျနော်တို့ မျှော်လင့်ချက်တွေကို ကျော်လွန်ပြီး နက်ရှိုင်းတဲ့ အာကာသထဲမှာ Orion က ကောင်းကောင်းလည်ပတ်နိုင်ခဲ့တယ်။ လကနေ ကမ္ဘာကိုပြန်တဲ့ လမ်းမှာလည်း လေထုနဲ့ ပြင်းထန်တဲ့အခြေအနေတွေကို ခံနိုင်ရည်ရှိကြောင်း ပြသခဲ့ပြီးပါပြီ” လို့ ပြောပါတယ်။

၈ မိနစ်ခွဲ (စက္ကန့် ၅၀၀) ကြာမြင့်မယ့် RS-25 အင်ဂျင်အသစ် စမ်းသပ်မှုကို နာဆာရဲ့ စတန်နစ် အာကာသစင်တာမှာပြုလုပ်ခဲ့တာလို့ သိရပြီး ‌အင်ဂျင်ပေါက်ကွဲတွန်းကန်မှုကို အချိန်ကြာကြာ မြင်တွေ့ရမှာဖြစ်ကာ SLS ပါဝါကို ၁၁၁ ရာခိုင်နှုန်းအထိ မြှင့်တင်စေနိုင်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၁ ရက်က ကမ္ဘာမြေပေါ် ပြန်ရောက်ခဲ့တဲ့ Orion ကို ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ပစိဖိတ်ကမ်းခြေကနေ ကန်နဒီစင်တာအထိ နာဆာက သယ်ယူသွားမယ်လို့ သိရပြီး အာတီမစ် ၁ မစ်ရှင်ရဲ့ လပေါ် အချိန်ကြာကြာ လေ့လာနိုင်ခဲ့မှုကနေ အာကာသယာဉ်မှူးတွေ အင်္ဂါဂြိုဟ်အထိ သွားနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Ref/Photo -NASA

3 mins Ago

June 22, 2022

တောင်ကိုရီးယားပြည်တွင်းထုတ် အာကာသဒုံးပျံ စမ်းသပ်ပစ်လွှတ်မှု အောင်မြင်

တောင်ကိုရီးယားနိုင်ငံဟာ ပြည်တွင်းထုတ် နူရိ အာကာသဒုံးပျံကို ဇွန် ၂၁ ရက်က ဒုတိယအချီ စမ်းသပ်ပစ်လွှတ်တာ အောင်မြင်ခဲ့တယ်လို့ သိပ္ပံဝန်ကြီး လီဂျုံဟိုက ပြောပါတယ်။

နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းမှာရှိတဲ့ နာ့ရို အာကာသစခန်းကနေ တောင်ကိုရီးယားစံတော်ချိန် ညနေလေးနာရီမှာ လွှတ်တင်လိုက်တဲ့ ဒုံးပျံဟာ အောင်အောင်မြင်မြင် ပျံတက်သွားခဲ့တာပါ။

တနာရီအကြာမှာ ဒုံးပျံဟာ အာကာသယာဉ်ကို သူ့ပတ်လမ်းအတွင်း အောင်အောင်မြင်မြင် နေရာချနိုင်မလားဆိုတာ သိဖို့ တာဝန်ရှိသူတွေက မျှော်လင့်ထားပါတယ်။

တောင်ကိုရီးယားဟာ ပထမအကြိမ်စမ်းသပ်မှု အောင်မြင်ပြီး ရှစ်လအကြာမှာ ဒုတိယအကြိမ် အာကာသယာဉ်ကို လွှတ်တင်ခဲ့နိုင်ခဲ့ပေမဲ့ ပထမအချီမှာ ဂြိုဟ်တုကို ပတ်လမ်းအတွင်း မထားနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒုတိယအချီ လွှတ်တင်ခဲ့ရတာပါ။

တောင်ကိုရီးယား အာကာသယာဉ်တည်ဆောက်မှု သုတေသနဌာနက (KARI) က ပုံစံထုတ်ထားတဲ့ အဆင့်သုံးဆင့်ရှိတဲ့ KSLV-II နူရီဒုံးပျံဟာ ကမ္ဘာမြေပြင်အထက် ကီလိုမီတာ  ၆၀၀ မှ ၈၀၀ ကြား အကွာအဝေးမှာ အလေးချိန် ၁ ဒသမ ၅ တန်ရှိတဲ့ ပစ္စည်းတွေကို လွှတ်တင်နိုင်မယ့် နိုင်ငံ့စီမံကိန်းတွေရဲ့ အုတ်မြစ်ပါ။

6G ကွန်ရက်တွေ၊ သူလျှိုဂြိုဟ်တုတွေနဲ့ လကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်တွေ အပါအဝင် ကြီးမားတဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့နဲ့ အာကာသအစီအစဉ်ကို စတင်ဖို့ စီမံကိန်းတွေရဲ့ အုတ်မြစ်လည်း ဖြစ်ပါတယ်။

နူရိဒုံးပျံဟာ တောင်ကိုရီးယား ဂြိုဟ်တုအခြေပြု လမ်းကြောင်းပြစနစ်နဲ့ 6G ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်မယ့် တောင်ကိုရီးယားရဲ့ သော့ချက်လည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ စစ်ဘက်ဆိုင်ရာဂြိုဟ်တု အမြောက်အမြား လွှတ်တင်ဖို့ စီစဉ်နေပေမဲ့ နူရိကိုတော့ လက်နက်အဖြစ် ဘယ်နေရာမှာမှ မသုံးဘူးလို့ တာဝန်ရှိသူတွေက ငြင်းဆိုထားပါတယ်။

6 months Ago
Up