close

အာကာသ

close

March 7, 2023

ဂျပန်က အာကာသအတွင်း ဒုံးပျံလွှတ်တင်မှု မအောင်မြင်ဖြစ်ပြီးနောက် ဒုံးပျံကို ဖျက်ဆီး

ဂျပန်နိုင်ငံဟာ အာကာသထဲကို ပစ်လွှတ်လိုက်တဲ့ တာလတ်ပစ် ဒုံးပျံအသစ်က ဒုတိယအဆင့် အင်ဂျင်ကို မီးမကူးခဲ့တဲ့အတွက် မတ် ၇ ရက်က အာကာသထဲမှာပဲ ဒုံးပျံအသစ်ကို ဖျက်ဆီးလိုက်ပါတယ်။

ဒါဟာ ဂျပန်ရဲ့ အာကာသထဲကို နေရာချဲ့ထွင်မယ့် ကြိုးပမ်းမှုမှာ ထိုးနှက်ချက်တခု ဖြစ်သွားပြီး  အီလွန်မတ်စ်ခ်ရဲ့ SpaceX က နှိုးဆော်ထားတဲ့ ဒုံးပျံဈေးကွက်မှာ အပြိုင်အဆိုင် ဆက်ရှိနေပါတယ်။

ဂျပန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ (JAXA) ဟာ ပြီးခဲ့တဲ့လက လွှတ်တင်ဖို့ လုပ်ခဲ့ပေမဲ့ ဖျက်သိမ်းလိုက်ပြီးနောက်မှာ တာနေဂါရှီမား အာကာသစခန်းကနေ ၅၇ မီတာ (၁၈၇ ပေ) မြင့်တဲ့ H3 ဒုံးပျံကို လွှတ်တင်ခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကို ထောက်လှမ်းဖို့ တည်ဆောက်ထားတဲ့ H3 ဒုံးပျံဟာ စမ်းသပ်ထုတ်လုပ်ထားတဲ့ အနီအောက်ရောင်ခြည် အာရုံခံကိရိယာကိုလည်း တပ်ဆင်ထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ မြေယာလေ့လာရေး ဂြိုဟ်တု ALOS-3 ကို သယ်ဆောင်ထားပါတယ်။

3D ရိုက်နှိပ်ထားတဲ့ အစိတ်အပိုင်းတွေ ပါဝင်ပြီး ပိုပြီးရိုးရိုးရှင်းရှင်းနဲ့ ကုန်ကျစရိတ် သက်သာတဲ့ အင်ဂျင်အသစ်နဲ့ မောင်းနှင်ထားတဲ့ H3 ဒုံးပျံကို အစိုးရသုံးနဲ့ လုပ်ငန်းသုံး ဂြိုဟ်တုတွေကို ကမ္ဘာပတ်လမ်းထဲကို လွှင့်တင်ဖို့နဲ့ နိုင်ငံတကာ အာကာသစခန်းကို ဖယ်ရီကူးတို့ လုပ်ပေးနိုင်ဖို့ ဒီဇိုင်းပုံစံထုတ်ထားတာ ဖြစ်ပါတယ်။

3 mins Ago

December 16, 2022

ဆိုယုဇ်အာကာသယာဉ်မှ ယာဉ်မှူးများ အာကာသလမ်းလျှောက်သည့်အစီအစဉ် ရပ်ဆိုင်း

နိုင်ငံတကာ အာကာသစခန်းမှာ ဆိုက်ကပ်ထားတဲ့ ဆိုယုဇ် အာကာသယာဉ်ကနေ အမှုန်အမွှားတွေ ပန်းထွက်လာတာကို ယာဉ်ထိန်းချုပ်ရေးမှူးတွေက သတိပြုမိပြီးနောက် အာကာသစခန်း အပြင်ဘက်မှာ ရုရှားအာကာသယာဉ်မှူးနှစ်ဦး လိုက်ပါဖို့ စီစဉ်ထားတဲ့ ပုံမှန် အာကာသလမ်းလျှောက်တဲ့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပါတယ်။

နာဆာက တိုက်ရိုက်လွှင့်ထုတ်တဲ့  ဗွီဒီယိုဖိုင်မှာ တွေ့မြင်နေရပြီး ဆိုယုဇ် MS-22 အာကာသ ယာဉ်ငယ်ရဲ့ နောက်ဘက်အပိုင်းကနေ နှင်းပွင့်တွေ ဖွာထွက်လာသလိုမျိုး အမှုန်အမွှားတွေ စိမ့်ထွက်လာတာဟာ အာကာသယာဉ်ကနေ အအေးခံရည်တွေလို့ ယူဆရတဲ့ အရည်တွေ ထွက်လာတာ ဖြစ်ပုံရကြောင်း ဟူစတန်ရှိ နာဆာရဲ့ ဂျွန်ဆင် အာကာသစင်တာမှ ထုတ်လွှင့်ရေးမှာ မှတ်ချက်ပေးသူ ရော့ဘ် နာဗီယာစ်က ပြောပါတယ်။

ဒီစိမ့်ထွက်မှုဟာ အရှေ့ပိုင်းစံတော်ချိန် ည ၈ နာရီခွဲဝန်းကျင်မှာ စတင်ခဲ့ပါတယ်။ နိုင်ငံတကာ အာကာသစခန်း (ISS) အဖွဲ့သား တဦးမှ အန္တရာယ် တစုံတရာ မကျရောက်ကြောင်း နာဆာက ပြောကြားခဲ့ပါတယ်။

မော်စကိုမြို့အနီးရှိ မစ်ရှင်ထိန်းချုပ်ရေး စစ်ဆင်ရေးအတွက် ရုရှားနိုင်ငံရဲ့ တာဝန်ရှိသူတဦးက အင်ဂျင်နီယာတွေဟာ ဒီယိုစိမ့်မှုရဲ့ သဘောသဘာဝနဲ့ ဇာစ်မြစ်ကို ဆုံးဖြတ်ဖို့ လုပ်ဆောင်နေချိန်မှာ သူတို့ရဲ့ အာကာသလမ်းလျှောက်ခြင်းကို ဖျက်သိမ်းလိုက်ဖို့ ရေဒီယိုထုတ်လွှင့်မှုကနေ ပြောနေတာကို ကြားခဲ့ရပါတယ်။

ဆိုယုဇ် အာကာသယာဉ်ဟာ စက်တင်ဘာလမှာ နိုင်ငံတကာအာကာသစခန်း (ISS) ကို ရောက်ရှိလာခဲ့ပြီး အာကာသထဲ လမ်းလျှောက်ဖို့ သင့်တော်တဲ့ အာကာသယာဉ်မှူးနှစ်ဦးအပြင် နာဆာ အာကာသယာဉ်မှူးတဦးကိုပါ ခေါ်ဆောင်လာကြောင်း နာဗီယာစ်က ပြောပါတယ်။

3 months Ago
Up