close

အာဂျင်တီးနားတရားရုံး

close

November 30, 2021

ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု အာဂျင်တီးနားတရားရုံး စစ်ဆေးမည်

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ်ဆိုတဲ့  စစ်ရာဇ၀တ်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အာဂျင်တီးနားနိုင်ငံရဲ့ တရားရုံးက စုံစမ်းစစ်ဆေးတော့မှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာမွတ်ဆလင်တွေကို ၂၀၁၇ ခုနှစ်မှာ စစ်တပ်က နှိမ်နင်းခဲ့မှုကြောင့် လူပေါင်း ၇ သိန်း ၄ သောင်းကျော်ဟာ အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားခဲ့ရတာကြောင့် လူမျိုးတုံး သတ်ဖြတ်မှုအထိ ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂက ပြောထားတဲ့ ဒီအမှုကို အပြည်ပြည်ဆိုင်ရာ တရားမျှတမှုရဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ 

နိုင်ငံတကာ တရားမျှတမှုရဲ့ တရားဥပဒေဆိုင်ရာ အနှစ်သာရမှာ စစ်ရာဇ၀တ်မှုတွေနဲ့လူ သားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ အပါအဝင် အလွန်ကြောက်စရာကောင်းတဲ့ တချို့လုပ်ရပ်တွေဟာ လူမျိုးတစ်မျိုးအတွက် သီးခြားမသတ်မှတ်ထားပဲ ဘယ်နေရာမှာမဆို စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိပါတယ်။

ဒီအမှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ အမျိုးသမီး ခြောက်ယောက်ဟာ  အာဂျင်တီးနား တရားရုံးကို အဝေးရောက်သက်သေခံချက် ထွက်ဆိုခဲ့ပါတယ်။ 

၂၀၁၇ ခုနှစ် ဩဂုတ်လက သူတို့အားလုံး လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရပြီး သူတို့ကြုံတွေ့ခဲ့ရတဲ့ ဖိနှိပ်မှုတွေကြောင့် သူတို့ရဲ့ မိသားစုဝင် အများအပြား သေဆုံးခဲ့ရပါတယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ကြောင်း တိုင်ကြားသူတွေထဲက တဦးကပြောပါတယ်။

သူတို့ရဲ့ဆုံးဖြတ်ချက်မှာ ဒီလိုရာဇ၀တ်မှုမျိုးရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ နောက်ဆုံးအဆုံးအဖြတ်ပေးခြင်းဟာ နိုင်ငံတွေရဲ့ အဓိကတာဝန်ဖြစ်ပါတယ်လို့ အယူခံတရားသူကြီတွေက ပြောကြားခဲ့ပါတယ်။

ဒီစီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက်သာမက နေရာတိုင်းမှာ အဖိနှိပ်ခံပြည်သူတွေအတွက် မျှော်လင့်ချက်ကို ကိုယ်စားပြုနေပါတယ်လို့  ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က  ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အာဂျင်တီးနားတရားရုံး ဆုံးဖြတ်ချက်ဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သူတွေအတွက် ပုန်းခိုစရာနေရာမရှိဘူးဆိုတာကို ပြသနေတာဖြစ်ပြီး ဒီစက်ဆုပ်ရွံရှာဖွယ် ရာဇ၀တ်မှုတွေကို ကမ္ဘာက လုံးဝလက်မခံကြောင်း အခိုင်အမာ ရပ်တည်နေယ်လို့လည်း  ပြောပါတယ်။

အာဂျင်တီးနားတရားရုံးတွေဟာ စပိန်အာဏာရှင်ဟောင်း ဖရန်စစ္စကိုဖရန်ကိုရဲ့အုပ်ချုပ်မှုနဲ့ တရုတ်နိုင်ငံရှိ Falun Gong လှုပ်ရှားမှုတို့ အပါအဝင် တခြားသော တရားစီရင်ရေးဆိုင်ရာ အမှုအခင်းတွေကို အရင်က တရားစီရင်ခဲ့ဖူးပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို နိုင်ငံတကာရာဇ၀တ်မှုတရားရုံ (အိုင်စီစီ) နဲ့ ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး (ယူအန်အိုင်စီဂျေ) တို့မှာလည်း စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

12 hours Ago

November 14, 2019

ရိုဟင်ဂျာအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ကာချုပ်ကို အာဂျင်တီးနားတရားရုံးတွင် အမှုဖွင့် 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဦးထင်ကျော်တို့ကို ယူကေအခြေစိုက် ရိုဟင်ဂျာအသင်းက အာဂျင်တီးနားနိုင်ငံမှာ အမှုဖွင့်လိုက်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ စွပ်စွဲပြီး ရိုဟင်ဂျာအဖွဲ့နဲ့ လက်တင် အမေရိကန် လူ့အခွင့်အရေးအဖွဲ့တွေက အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်အရ  နိုဝင်ဘာ ၁၃ ရက်နေ့မှာ တိုင်ကြားအမှုဖွင့်လိုက်တာပါ။ ကမ္ဘာ့နိုင်ငံတနိုင်ငံမှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် အလွန်ဆိုးဝါးတဲ့လုပ်ရပ်တွေအတွက်  အာဂျင်တီနားနိုင်ငံရဲ့ စီရင်ပိုင်ခွင့် ဥပဒေအရ တရားစွဲတာ ဖြစ်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ဒေါ်ဆောင်ဆန်းစုကြည်ကို ဦးတည် ပစ်မှတ်ထားပြီး နိုင်ငံတကာမှာ တရားစီရင်ရေးလမ်းကြောင်းကနေ အရေးယူနိုင်ဖို့ ပထမဆုံးအကြိမ် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ ဒီအမှုကို တရားလိုဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့  ရှေ့နေ သောမတ်စ်အိုဟေးက င်တားနားက “ဒီတိုင်ကြားမှုဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်သူတွေ၊ ပူးပေါင်း ကူညီလုပ်ဆောင်ခဲ့သူတွေနဲ့ ဖုံးကွယ်ထားသူတွေကို ရာဇဝတ်မှုနဲ့ ဒဏ်ခတ်အရေးယူဖို့ ကြိုးပမ်းတာဖြစ်တယ်။ ဒီလိုရာဇဝတ်ကြောင်းအရ တိုင်ကြားမှုတွေကို တခြား ဘယ်နေရာမှာမှ လုပ်ဖို့ မဖြစ်နိုင်လို့ အာဂျင်တီးနားနိုင်ငံမှာလုပ်ဆောင်တာ ဖြစ်တယ်” လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ လူ့အခွင့်အရေးရှေ့နေ ကင်တားနားဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ  အထူးအစီရင်ခံစာ တင်သွင်းသူအဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ ခံစားခဲ့ရတာတွေကို ကိုယ်တိုင်သိမြင်ခဲ့သူဖြစ်ပြီး ခုအချိန်ဟာ တရားမျှတမှုရဖို့အချိန်ဖြစ်တယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ BROUK  ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်ကတော့ ဆယ်စုနှစ်တွေအတွင်းမှာ မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာတွေကို နေရာတခုမှာ ကန့်သတ်ပိတ်လှောင်ထားပြီး မိခင်နိုင်ငံကနေ အတင်းအကျပ် ထွက်ခွာအောင်လုပ်ခဲ့သလို သတ်ဖြတ် သုတ်သင်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။ ခုလိုတရားစွဲဆိုမှုကို အာဂျင်တီးနားလူ့အခွင့်အရေးအဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ Grandmothers of the Plaza de Mayo အဖွဲ့နဲ့   Foundation for Peace and Justice အဖွဲ့တို့ကလည်း ထောက်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုင်ဝင်ဘာ ၁၁ ရက်ကလည်း မြန်မာနိုင်ငံကို  အာဖရိကတိုက်ရှိ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ နို်ငငံတကာ သဘောတူညီချက်ကို ဖောက်ဖျက်မှုနဲ့   အိုအိုင်စီအဖွဲ့ကိုယ်စားတရားစွဲထားပါတယ်။ ဒီတရားစွဲဆိုမှုဟာ ခိုင်လုံမှုမရှိတဲ့အကြောင်းအရာတွေပေါ်မှာ မူတည်ပြီး တရားစွဲဆိုတာ ဖြစ်ပြီး၊ မြန်မာနိုင်ငံကထွက်သွားတဲ့ ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် လက်ခံအသိအမှတ်ပြုဖို့ တွန်းအားပေးနေတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဒီဗွီဘီကို ပြောပါတယ်။ ဒီလိုတရားစွဲဆိုခံရတာဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်အတွက် လူ့အရိုင်းအစိုင်းလို ပုံဖော်ခံနေရတာကိုတော့ သတိပြုမိရမှာဖြစ်ပြီး နိုင်ငံပုံရိပ် ပြန်တက်လာဖို့ စနစ်တကျ ဆောင်ရွက်ပြီး အကောင်းဆုံးဖြေရှင်းဖို့ပဲ တိုက်တွန်းချင်တယ်လို့  ၈၈မျိုးဆက် ဦးမြအေးက ပြောပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုဟာ မြန်မာနိုင်ငံကို တပ်မတော်ရဲ့အခန်းကဏ္ဍကို လျှော့ချချင်တဲ့ ရည်ရွယ်ချက် အဖြစ်မြင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လုံးဝလက်ခံခြင်းမရှိသလို လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ကိုလည်း အစဉ်တစိုက်ပယ်ချထားပါတယ်။ ခုလိုတရားစွဲဆိုမှုတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကရော တပ်မတော်ကပါ  တရားဝင် ပြန်လည် တုံ့ပြန်တာမရှိသေးပါဘူး။
2 years Ago
Up