ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့မှာ ဇူလိုင် ၁၁ ရက် ဒီနေ့မနက်က ကန်သွားတဲ့ ကိုပါအမေရိကဖလား နောက်ဆုံး ဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းက လက်ရှိချန်ပီယံ ဘရာဇီးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
ဒီကနေ့ ကန်သွားတဲ့ပွဲစဉ်မှာ အာဂျင်တီးနားအတွက် အဖွင့်ဂိုးကို ပထမပိုင်းပွဲချိန် ၂၂ နှစ်မိနစ်မှာ ဒီမာရီယာကသွင်းယူပေးခဲ့ပြီး ဒီသွင်းဂိုးတစ်လုံးနဲ့ပဲ အာဂျင်တီးနားအသင်းအောင်ပွဲခံသွားတာဖြစ်ပါတယ်။
ဒုတိယပိုင်း ၅၂ မိနစ်မှာ ဘရာဇီးက ရစ်ချာလီဆင်ကန်သွင်းရာမှာ ဂိုးဝင်သွားခဲ့ပေမဲ့ လူကျွံဘောအဖြစ် သတ်မှတ်ခံရတဲ့အတွက် ဂိုးမရရရှိခဲ့ပါဘူး။ မိနစ် ၈၀ လောက်မှာ အာဂျင်တီနား အသင်းခေါင်းဆောင်မက်ဆီ ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ပြီး ကန်သွင်းခွင့်ရခဲ့ပေမဲ့ ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ပါဘူး။
ဒီပွဲမှာ ဘရာဇီးလ်က အာဂျင်တီးနားထက် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းမှုတွေပါ အသာရရှိခဲ့ပါတယ်။ ဘရာဇီးလ်က ဘောလုံးပိုင်ဆိုင်မှု ၅၉ ရာခိုင်နှုန်းနဲ့ အသာရှိခဲ့ပြီး အာဂျင်တီးနားကတော့ ဘောလုံးပိုင်ဆိုင်မှု ၄၁ ရာခိုင်နှုန်းရှိပါတယ်။
ဒီပွဲမှာ နှစ်သစ်စလုံး ကြမ်းကြမ်းတမ်းတမ်းကစားခဲ့ကြတဲ့အတွက် ကစားသမားတွေ ဒဏ်ရာရတာရှိသလို ပြစ်ဒဏ်ဘောအကြိမ် ၄၀ ကျော်နဲ့ အဝါကတ်ပြ သတိပေးတာတွေလည်း အကြိမ်ကြိမ်ရှိခဲ့ပါတယ်။
ကိုပါအမေရိကဖလားပြိုင်ပွဲသမိုင်းမှာ အာဂျင်တီးနားက ၁၅ ကြိမ်မြောက်ဗိုလ်စွဲခဲ့တာဖြစ်ပြီး ဘရာဇီးကတော့ ၉ ကြိမ် ဗိုလ်စွဲထားပါတယ်။
အခုနှစ် ပြိုင်ပွဲမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးအများဆုံးသွင်းသူ ရွှေဘောလုံးဆုရော ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဘောလုံးသမားဆုပါရရှိသွားပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘရာဇီးက ပီရူးကို ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရဗိုလ်လုပွဲတက်တာဖြစ်ပြီး အာဂျင်တီးနားက ကိုလံဘီယာကို ပင်နယ်တီအဆုံးအဖြစ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်လာတာ ဖြစ်ပါတယ်။
မနေ့က ကန်သွားတဲ့ တတိယနေရာ လုပွဲမှာတော့ ကိုလံဘီယာက ပီရူးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားလို့ ကိုလံဘီယာက တတိယ၊ ပီရူးက စတုတ္တရရှိသွားပါတယ်။
PHOTO CREDIT-COPE AMERICA