close

အာဂျင်တီးနားရေပြင်

close

July 17, 2021

အာဂျင်တီးနားရေပြင်မှ သယံဇာတထုတ်သည့်စီမံကိန်း ပြည်သူများ ကန့်ကွက်ဆန္ဒပြ

အာဂျင်တီးနားပြည်သူတွေနဲ့ ဂေဟဗေဒအဖွဲ့အစည်းတွေဟာ ဇူလိုင် ၁၆ ရက်က မြို့တော် ဗျူးနို့စ်အေရိစ်မှာ အာဂျင်တီးနားရေပြင်ကနေ ငလျင်နည်းပညာကိုသုံးပြီး သယံဇာတ ထုတ်ယူတဲ့စီမံကိန်းတွေကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ 

ဒီစီမံကိန်းဟာ အာဂျင်တီးနားပင်လယ်ကို ညစ်ညမ်းစေပြီး ရေနေအဏ္ဏဝါဘဝ အပေါ် အကျိုးသက်ရောက်နိုင်မှာကို စိုးရိမ်ရတယ်လို့ ဂေဟဗေဒပညာရှင်တွေက ပြောပါတယ်။

ငလျင်နည်းပညာ သုံးစွဲတယ်ဆိုတာဟာ ဖောက်ခွဲခြင်း၊ တုန်ခါခြင်းတွေ ဖြစ်စေတဲ့ နည်းပညာနဲ့ မြေအောက်၊ ရေအောက်က ဘဏ္ဍာသိုက်တွေကို ရှာဖွေတာဖြစ်ပါတယ်။

အာဂျင်တီးနားပင်လယ်မှာ ငလျင်နည်းပညာ သုံးပြီး ရေနံထုတ်ယူဖို့စီမံကိန်းတွေကို သူတို့ဆက်လုပ်နေကြပြီး ပလက်ဖောင်းစင်တွေကိုလည်း ဆောက်လုပ်နေတာကြောင့် ဒီနေ့ ဒီလိုစုဝေး ဖြစ်တာပါ လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။ 

အာဂျင်တီးနား အမျိုးသားတက္ကသိုလ်မှ လေ့လာမှုတွေအရ ယိုဖိတ်မှု ဖြစ်နိုင်ခြေအန္တရာယ်က ၁၀၀ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ကျနော်တို့ရဲ့အနာဂတ်အတွက် နော်ဝေနိုင်ငံစုံ ကုမ္ပဏီဖြစ်တဲ့ Equinor လို ကုမ္ပဏီတွေရဲ့ဝင်ငွေရရှိစေဖို့ပဲ ဦးစားပေးလုပ်ဆောင်နေတာတွေကို ကန့်ကွက်တာလို့ ဆန္ဒပြသူ တစ်ဦးက ပြောပါတယ်။ 

ဆန္ဒပြရာမှာပါဝင်တဲ့ ကလေးတွေကလည်း “တို့ဘဝတွေက အရေးကြီးတယ်။ ရေနံကုမ္ပဏီတွေ ကင်းရှင်းတဲ့ပင်လယ်” စတဲ့ စာသားတွေ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ သယံဇာတ ထုတ်ယူခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတွေရဲ့ တန်ဖိုးက အရမ်းဆိုးရွားနေတယ်လို့ ထင်မြင်ကြောင်း ဂေဟဗေဒဆန္ဒပြအဖွဲ့တခုရဲ့ခေါင်းဆောင် ပီလာဘာဘက်စ်က ပြောပါတယ်။

သူတို့ဟာ ဒီစီမံကိန်းကို ၈ နှစ်လောက် ဆက်လုပ်သွားကြမှာဖြစ်ပြီး သူတို့ ရေနံထုတ်ယူလိုက်တဲ့အခါ ပင်လယ်မှာ ယိုဖိတ်မှုအများကြီး ဖြစ်ပြီး ဆိုးဆိုးရွားရွား ညစ်ညမ်းသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းက မက္ကဆီကိုမှာ၊ ရိုမေးနီးယားမှာ၊ ရေနံတွင်း ပေါက်ကွဲမှုတွေ ကြုံခဲ့ရတာကြောင့် ကမ္ဘာကြီး ဘာတွေဖြစ်သွားမလည်း ဆိုတာကို စဉ်းစားပေး စေချင်တာလို့လည်း ပြောပါတယ်။ 

ဒါကြောင့် အာဂျင်တီးနားပင်လယ်ပြင်မှာ ဘယ်ရေနံကုမ္ပဏီကိုမှ လာမဆောက်စေချင်ဘူး လို့ ဆိုပါတယ်။ 

အခုလတ်တလောမှာပဲ အရေးကြီးတာ မဟုတ်ပဲ အနာဂတ်အတွက်ပါ အရေးကြီးတာ လို့ ပြောပါတယ်။ 

သမ္မတဟောင်း  မော်ရူစီယိုမာခရီရဲ့သက်တမ်းအတွင်းမှာ အစိုးရဟာ ၂၀၂၅ ခုနှစ်အထိ အာဂျင်တီးနားပင်လယ်မှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ရှာဖွေဖို့ ကုမ္ပဏီတွေကို ခွင့်ပြုချက်တွေ စတင်လွှဲပေးခဲ့ပါတယ်။ 

2 mins Ago
Up