ဧပြီ ၂ ရက် ဖောက်ကလန်စစ်ပွဲ နှစ် ၄၀ ပြည့် နှစ်ပတ်လည်နေ့မှာ စစ်မှုထမ်းဟောင်းတွေနဲ့ ကျဆုံးစစ်သည်တွေရဲ့ ဆွေမျိုးတွေကို အာဂျင်တီးနားသမ္မတ အယ်လ်ဘတ်တို ဖာနန်ဒက်ဇ်က ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။
ဖာနန်ဒက်ဇ်က ဗြိတိန်အနေနဲ့ ၁၉၅၆ ခုနှစ် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အမှတ် ၂၀၆၅ ကို လိုက်နာပါလို့လည်း တောင်းဆိုလိုက်ပါတယ်။
အာဂျင်တီးနားနဲ့ ဗြိတိန်တို့ဟာ တောင်အတ္တလန်တိတ်ရှိ မောလ်ဗီနတ်စ်လို့ လူသိများတဲ့ ကျွန်းတွေအပေါ်မှာ ကာလအတန်ကြာ အငြင်းပွားခဲ့တာပါ။
၁၉၈၂ မှာ စစ်ပွဲဖြစ်ခဲ့ပြီး အာဂျင်တီးနားစစ်သား အယောက် ၆၅၀ နဲ့ ဗြိတိသျှစစ်သား ၂၅၅ ဦး သေဆုံးခဲ့တာပါ။
အခုအခါ နှစ်နိုင်ငံ ရင်းနှီးတဲ့ဆက်ဆံရေး ရှိပေမဲ့ ကျွန်းစုအရေး အခဲမကျေမှုက ဆက်ရှိနေဆဲပါ။
ပဋိပက္ခက ၁၉၈၂ ဧပြီ ၂ ရက်မှာ စတင်ပြီး အာဂျင်တီးနားတပ်တွေက အာဂျင်တီးနားနဲ့ မိုင် ၄၀၀ ဝေးတဲ့ ကျွန်းတွေပေါ် ခြေချတဲ့အခါမှာ ဝန်ကြီးချုပ်မာဂရက်သက်ချာရဲ့ ဗြိတိန်က ရေတပ်စေလွှတ်ပြီး ပြန်သိမ်းပိုက်ပါတယ်။
စစ်လက်နက်နဲ့ တိုက်ခိုက်စွမ်းရည် အားနည်းတဲ့ အာဂျင်တီးနားတပ်တွေ ဇွန်လမှာ ကျွန်းကို လက်လွှတ်ခဲ့ရပါတယ်။ အဲဒီအချိန် အာဂျင်တီးနားမှာ စစ်အာဏာရှင်အုပ်စိုးနေတာကြောင့် စစ်ပွဲဟာ အာဏာရှင်ရဲ့အမှားလို့ မြင်ခဲ့ကြတာပါ။
ဒါပေမဲ့ တောင်အမေရိကတိုင်းပြည် အတော်များများက ကျွန်းတွေဟာ အာဂျင်တီးနားပိုင်လို့ ဆက်မြင်နေတာပါ။
အာဂျင်တီးနားသမ္မတ အယ်လ်ဘာတိုဖာနန်ဒက်ဇ်ကို မဖြစ်မနေလိုက်နာရမယ့် ကွာရန်တင်း စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အစိုးရရှေ့နေတွေက တရားစွဲထားတယ်လို့ သြဂုတ် ၂၇ ရက်က ဒေသမီဒီယာ တွေမှာ ဖော်ပြထားပါတယ်။
သမ္မတနဲ့ သူ့ဇနီးတို့ဟာ မနှစ်က မိတ်ဆွေတွေနဲ့အတူ မွေးနေ့ပွဲကျင်းပတုန်းက ကွာရန်တင်းစည်းကမ်းချက်တွေကို ချိုးဖောက်တာလို့ ဆိုပါတယ်။
အာဂျင်တီးနားနိုင်ငံမှာ ကူးစက်ကပ်ရောဂါဘေးကို ကိုင်တွယ်ရာမှာ နိုင်ငံအများစုမှာထက် ပိုပြီးတင်းကျပ်တဲ့ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာကြောင့် ကွာရန်တင်း စည်းကမ်းချက် ချိုးဖောက်တဲ့ သမ္မတဖာနန်ဒက်ဇ်ကို တရားစွဲမှုဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေက သတင်းခေါင်းကြီးပိုင်းတွေ ဖြစ်ခဲ့တာပါ။
မနှစ်က ဇူလိုင်လမှာ သမ္မတကတော် ဖာဘီအိုလာယာနက်ဇ်ရဲ့ မွေးနေ့ပါတီပွဲ မကျင်းပခင်မှာပဲ သမ္မတဖာနန်ဒက်ဇ်ဟာ ပြည်သူတွေကို လူမှုရေးစုဝေးမှုအားလုံးကိုမလုပ်ဖို့ သူကိုယ်တိုင် တားမြစ်ခဲ့ပါတယ်။
သူ့ဇနီးရဲ့မွေးနေ့မှာ သမ္မတအိမ်ကို လာရောက်သူစာရင်းကို တောင်းခံလို့ အကုန်ဖြည့်ပေးထားပြီး တယောက်မှ ကူးစက်မှုမခံရဘူးလို့ ဖာနန်ဒက်ဇ်က ပြောပါတယ်။
ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ခဲ့သလို ဒါကို ဖုံးကွယ်မထားခဲ့ဘူးလို့လည်း ဆိုပါတယ်။ ကြာသပတေးနေ့အစောပိုင်းမှာ သမ္မတ ဖာနန်ဒက်ဇ်ဟာ အမှုကို ပါဝင်ကြားနာခဲ့ပြီး အမှုဖြေရှင်းဖို့ ဒဏ်ငွေပေးဆောင်မယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။