အာဆင်နယ်ဂိုးသမား လေနိုဟာ ဖူဟမ်အသင်းကို ပေါင် ၈ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားပါတယ်။
အသက် ၃ဝ အရွယ် ဂျာမနီဂိုးသမားဟာ အာဆင်နယ်ကို ဂိုးသမား ရမ်စ်ဒေး ရောက်ရှိလာပြီးနောက် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီး အခုနှစ်ရာသီမှာတော့ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဖူဟမ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ရလို့ ပျော်ရွှင်မိပြီး ပွဲထွက်ကစားဖို့ မစောင့်နိုင်တော့ကြောင်း လေနိုက ပြောပါတယ်။ တဆက်တည်းမှာပဲ အာဆင်နယ် ပရိသတ်တွေကိုလည်း နှုတ်ဆက်စကားဆိုခဲ့ပြီး ၄ နှစ်တာကာလအတွင်း အသင်းရဲ့ အစိတ်အပိုင်းတခု ဖြစ်ခွင့်ရခဲ့တာကို ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောပါတယ်။
လေနိုဟာ အာဆင်နယ်အတွက် စုစုပေါင်း ၁၂၅ ပွဲ ကစားခဲ့တဲ့အနက် ၂၀၂၀-၂၀၂၁ ရာသီက ၄၉ ပွဲအထိ ကစားခဲ့ပြီး အာဆင်နယ်ကစားသမားတွေထဲမှာ ပွဲအများဆုံး ဖြစ်ခဲ့ပါသေးတယ်။